သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၂—ဥပဎ္ဍသုတ်

၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း နဂရကမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို ထက်ဝက်ပြီးစေနိုင်ပါ၏”ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ်အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏၊ အာနန္ဒာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်းရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများနိုင်လိမ့်မည်၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မချွတ် (ရလိမ့်မည်ဟု) မျှော်လင့် အပ်၏။

အာနန္ဒာ မိတ်ဆွေကောင်း,အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏၊ ဆိတ်ငြိမ်မှု၌ မှီသော မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ကို ပွားများ၏။ပ။ မှန်ကန်သော စကား ‘သမ္မာဝါစာ’ကို ပွားများ၏။ပ။ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’ကို ပွားများ၏။ပ။ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ကို ပွားများ၏။ပ။ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ကို ပွားများ၏။ပ။ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်မှု၌ မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ အာနန္ဒာ ဤသို့လျှင် မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ဤစကားကို ဤသို့သောအကြောင်းပရိယာယ်ဖြင့်လည်း သိအပ်၏။ မိတ်ဆွေကောင်းဖြစ်သော ငါဘုရားကို အကြောင်းပြု၍ပဋိသန္ဓေနေမှုသဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေမှုမှ လွတ်မြောက်ကုန်၏၊ အိုမှုသဘောရှိကုန်သော သတ္တဝါတို့သည် အိုမှုမှ လွတ်မြောက်ကုန်၏၊ သေမှုသဘောရှိကုန်သော သတ္တဝါတို့သည် သေမှုမှလွတ်မြောက်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုသဘောရှိကုန်သောသတ္တဝါတို့သည် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏။ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤသို့သောအကြောင်းပရိယာယ်အားဖြင့် သိအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။