သံယုတ္တနိကာယ်—၄၅
၁—အဝိဇ္ဇာဝဂ်
၁—အဝိဇ္ဇာသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’သည် အကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ မရှက်မှု ‘အဟိရိက’ မလန့်မှု ‘အနောတ္တပ္ပ’သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အဝိဇ္ဇာနှင့် ပြည့်စုံသော ပညာမဲ့သူအား မှားသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်နိုင်၏၊ မှားသောအမြင်ရှိသူအား မှားသောအကြံ ‘မိစ္ဆာသင်္ကပ္ပ’ ဖြစ်နိုင်၏၊ မှားသောအကြံရှိသူအား မှားသော စကား ‘မိစ္ဆာဝါစာ’ ဖြစ်နိုင်၏၊ မှားသော စကားရှိသူအား မှားသောအလုပ် ‘မိစ္ဆာကမ္မန္တ’ ဖြစ်နိုင်၏၊ မှားသောအလုပ်ရှိသူအား မှားသောအသက်မွေးမှု ‘မိစ္ဆာဇီဝ’ ဖြစ်နိုင်၏၊ မှားသောအသက်မွေးမှုရှိသူအား မှားသောအားထုတ်မှု ‘မိစ္ဆာဝါယာမ’ ဖြစ်နိုင်၏၊ မှားသောအားထုတ်မှုရှိသူအား မှားသော အောက်မေ့မှု ‘မိစ္ဆာသတိ’ ဖြစ်နိုင်၏၊ မှားသော အောက်မေ့မှုရှိသူအား မှားသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ ဖြစ်နိုင်၏။
ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ’သည်ကား ကုသိုလ်တရားတို့ ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ ရှက်မှု ‘ဟိရီ’ လန့်မှု ‘သြတ္တပ္ပ’သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် ပြည့်စုံသူ ပညာရှိသူအား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်နိုင်၏၊ မှန်ကန်သောအမြင်ရှိသူအား မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်နိုင်၏၊ မှန်ကန်သောအကြံရှိသူအား မှန်ကန်သော စကား ‘သမ္မာဝါစာ’ဖြစ်နိုင်၏၊ မှန်ကန်သော စကားရှိသူအား မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’ ဖြစ်နိုင်၏၊ မှန်ကန်သောအလုပ်ရှိသူ အား မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဖြစ်နိုင်၏၊ မှန်ကန်သောအသက်မွေးမှုရှိသူအား မှန်ကန် သောအားထုတ်မှု ‘သမ္မာဝါယာမ’ ဖြစ်နိုင်၏၊ မှန်ကန်သောအားထုတ်မှုရှိသူအား မှန်ကန်သော အောက်မေ့ မှု ‘သမ္မာသတိ’ ဖြစ်နိုင်၏၊ မှန်ကန်သောအောက်မေ့မှုရှိသူအား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။