သံယုတ္တနိကာယ်—၅၁

၁—စာပါလဝဂ်

၁ဝ—စေတိယသုတ်

၈၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီ ပြည်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ “အာနန္ဒာထိုင်စရာအခင်းကို ယူခဲ့လော့၊ စာပါလစေတီ၁သို့ နေ့သန့်စင်ရန်အလို့ငှါ ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအားဝန်ခံပြီးလျှင် ထိုင်စရာအခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ အစဉ်လိုက်လေ၏။ ထိုအခါမြတ်စွာဘုရားသည် စာပါလစေတီသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏၊ အသျှင်အာနန္ဒာသည်လည်း မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ထိုင်နေသောအသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဂေါတမက်စေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ စာပါလစေတီသည်မွေ့လျော်ဖွယ်ရှိပေ၏။ အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများထား၏၊ ကြိမ်ဖန်များစွာ ပြု လုပ်ထား၏၊ ယာဉ်ကဲ့သို့ ပြုလုပ်ထား၏၊ တည်ရာကဲ့သို့ ပြုလုပ်ထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည်အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ရာ၏။ အာနန္ဒာမြတ်စွာဘုရားသည်ကား ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများထားပြီး ဖြစ်၏၊ ကြိမ်ဖန်များစွာ ပြုလုပ်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုလုပ်ထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုလုပ်ထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီးဖြစ်၏၊ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ အာနန္ဒာ သို့ဖြစ်၍မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ် စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေတည်နိုင်ရာ၏ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင်ပြသော်လည်း အသျှင်အာနန္ဒာသည်ကား သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့်) “အသျှင်ဘုရား လူအများ၏ စီးပွားချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ မာရ်နတ် နှောင့်ယှက်ခံရသော စိတ်ရှိသူကဲ့သို့ပင် ဖြစ်ချေ၏။

မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း။ပ။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာအား မိန့်တော်မူ၏— “အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဥဒေနစေတီသည့်မွေ့လျော်ဖွယ်ရှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ ဗဟုပုတ္တစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏။ အာနန္ဒာ တစ်စုံတစ်ယောက်သော သူသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများထား၏်၊ ကြိမ်ဖန်များစွာ ပြုလုပ်ထား၏၊ ယာဉ်ကဲ့သို့ ပြုလုပ်ထား၏၊ တည်ရာကဲ့သို့ ပြုလုပ်ထား၏၊ ဆောက်တည်ထား၏၊ ကောင်းစွာ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ရာ၏။ အာနန္ဒာ မြတ်စွာဘုရားသည်ကား ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများထားပြီး ဖြစ်၏၊ ကြိမ်ဖန်များစွာ ပြုလုပ်ထားပြီး ဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုလုပ်ထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုလုပ်ထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည်အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ရာ၏”ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ပင်ပြသော်လည်း အသျှင်အာနန္ဒာသည်ကား သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့်) “အသျှင်ဘုရား လူအများ၏ စီးပွားချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ မာရ်နတ် နှောင့်ယှက်ခံရသော စိတ်ရှိ သူကဲ့သို့ပင် ဖြစ်ချေ၏။

ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သင် သွားလော့၊ ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏”ဟုအသျှင်အာနန္ဒာအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင်မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် အသျှင်အာနန္ဒာဖဲသွား၍ မကြာမြင့်မီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်— ‘မာရ်နတ် ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက် ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့့်် လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကိုအကြောင်းမှန်ဖြင့် ကောင်းစွာ နှိပ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်။)

အသျှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြ ပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့့်် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင်တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကိုအကြောင်း မှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား့ဘုန်းတော် ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကိုဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရားမြတ်စွာဘုရား ပရိ နိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်— ‘မာရ်နတ် ငါ၏ တပည့်ရဟန်းမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့့်် လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကိုအကြောင်းမှန်ဖြင့် ကောင်းစွာ နှိပ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းမတို့သည် တတ်သိလိမ္မာ ရှိကြပါပြီ၊ ကောင်းစွာဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြ ပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့့်် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင်တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်— ‘မာရ်နတ် ငါ၏ တပည့်ဥပါသကာ ဥပါသိကာမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကိုမကျင့် နိုင်ကြသေး၊ တရားနှင့့်် လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင်မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသော သူတစ်ပါး ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိပ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုမဟောပြနိုင်ကြကုန်သေး၊ ထိုမျှ လောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့် ဥပါသကာ ဥပါသိကာမတို့သည် တတ်သိလိမ္မာရှိကြပါပြီ၊ ကောင်းစွာ ဆုံးမပြီး ဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကိုဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့့်် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင်ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသောသူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိပ်နင်း၍ အံ့ဖွယ်ရှိသော တရားကိုဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်— ‘မာရ်နတ် ငါ၏ မြတ်သောအကျင့်ဟုဆိုအပ်သော ဤသာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင်မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွားသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်’ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သောအကျင့်ဟုဆိုအပ်သော ဤသာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွားပါပြီ၊ လူအများသိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ၊ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ”ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်တော် မူ၏—“မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု (မိန့်တော်မူ၏)။ ထိုအခါမြတ်စွာဘုရားသည် စာပါလစေတီ၌ (နေစဉ်) သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန်ပြုပြင်မှု ‘အာယု သင်္ခါရ’ကို စွန့်လွှတ်တော်မူ၏၊ မြတ်စွာဘုရားသည် အသက်ရှည်ရန်ပြုပြင်မှု ‘အာယုသင်္ခါရ’ကို စွန့်လွှတ် သောအခါ ကြက်သီးမွေးညင်း ထလျက် ကြောက်မက်ဖွယ်ရာကြီးစွာသော မြေငလျင်လှုပ်ခြင်းသည် ဖြစ် လေ၏၊ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့်မြည်ဟီးကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ်ဤဥဒါန်းစကားကို ကျူးရင့်တော်မူ၏—

“မြတ်စွာဘုရားသည် အတုမဲ့ နိဗ္ဗာန်နှင့် အဖန်ဖန် ဖြစ်မှု ဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည်သောစိတ်ရှိသည် ဖြစ်၍ ချပ်ဝတ်နှင့် တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ”ဟု (ကျူးရင့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော စာပါလဝဂ် ပြီး၏။