သံယုတ္တနိကာယ်—၅၆

၃—ကောဋိဂါမဝဂ်

၄—အရဟန္တသုတ်

၁ဝ၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးအတိတ်အခါက ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သောဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူကုန်ပြီးသော မြတ်စွာဘုရားဟူသမျှ အားလုံးတို့သည်အရိယသစ္စာတရား လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူကုန်ပြီ။ ရဟန်းတို့အနာဂတ်အခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သောဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍သိတော် မူကုန်မည့် မြတ်စွာဘုရားဟူသမျှ အားလုံးတို့သည် အရိယာသစ္စာတရား လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူကုန်လတ္တံ့။ ရဟန်းတို့ ယခုပစ္စုပ္ပန်အခါ၌ပူဇော်အထူးကို ခံတော်မူထိုက် ကုန်သောဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူကုန်သောမြတ်စွာဘုရားဟူသမျှ အားလုံးတို့ သည် အရိယသစ္စာတရား လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်ထိုးထွင်း၍ သိတော်မူကုန်၏။ အဘယ်လေးပါးတို့နည်း၊

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ရှေးအတိတ်အခါက ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သောဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်ထိုးထွင်း၍ သိတော်မူကုန်ပြီးသော မြတ်စွာဘုရားဟူသမျှ အားလုံးတို့သည်။ပ။ သိတော်မူကုန်မည့် မြတ်စွာဘုရားဟူသမျှ အားလုံးတို့သည်။ပ။ သိတော်မူကုန်သော မြတ်စွာဘုရားဟူသမျှ အားလုံးတို့သည် ဤအရိယာတို့၏ အမှန်တရား လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူကုန်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။