အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမ္ဗောဓဝဂ်
၇-အရက္ခိတသုတ်
၁၁ဝ။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်— “ဒါယကာ စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ ဝစီကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ မနောကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ (ကိလေသာဖြင့်) စိုစွတ်သော ကာယကံ ဝစီကံ မနောကံရှိသူ၏ ကာယကံသည်လည်း ဆွေးမြေ့၏၊ ဝစီကံသည်လည်း ဆွေးမြေ့၏၊ မနောကံသည်လည်း ဆွေးမြေ့၏၊ ဆွေးမြေ့သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက်သည် မမည်၊ အခြင်ကိုလည်း စောင့်ရှောက်သည် မမည်၊ နံရံကိုလည်း စောင့်ရှောက်သည် မမည်၊ အထွတ်သည်လည်း (မိုးရေဖြင့်) စိုစွတ်၏၊ အခြင်တို့သည်လည်း (မိုးရေဖြင့်) စိုစွတ်ကုန်၏၊ နံရံသည်လည်း (မိုးရေဖြင့်) စိုစွတ်၏၊ အထွတ်သည်လည်း ဆွေးမြေ့၏၊ အခြင်တို့သည်လည်း ဆွေးမြေ့ကုန်၏၊ နံရံသည်လည်း ဆွေးမြေ့၏၊
ဒါယကာ ဤအတူပင်လျှင် စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ ဝစီကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ မနောကံသည်လည်း (ကိလေသာဖြင့်) စိုစွတ်၏၊ (ကိလေသာဖြင့်) စိုစွတ်သော ကာယကံ ဝစီကံ မနောကံရှိသူ၏ ကာယကံသည်လည်း ဆွေးမြေ့၏၊ ဝစီကံသည်လည်း ဆွေးမြေ့၏၊ မနောကံသည်လည်း ဆွေးမြေ့၏။ ဆွေးမြေ့သော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။
ဒါယကာ စိတ်ကို စောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ ဝစီကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ မနောကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ မစိုစွတ်သော ကာယကံ ဝစီကံ မနောကံရှိသူ၏ ကာယကံသည်လည်း မဆွေးမြေ့၊ ဝစီကံသည်လည်း မဆွေးမြေ့၊ မနောကံသည်လည်း မဆွေးမြေ့။ မဆွေးမြေ့သော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။
ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက်သည် မည်၏၊ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မည်ကုန်၏၊ နံရံကိုလည်း စောင့်ရှောက်သည် မည်၏၊ အထွတ်သည်လည်း (မိုးရေဖြင့်) မစိုစွတ်၊ အခြင်တို့သည်လည်း (မိုးရေဖြင့်) မစိုစွတ်ကုန်၊ နံရံသည်လည်း (မိုးရေဖြင့်) မစိုစွတ်၊ အထွတ်သည်လည်း မဆွေးမြေ့၊ အခြင်တို့သည်လည်း မဆွေးမြေ့ကုန်၊ နံရံသည်လည်း မဆွေးမြေ့။
ဒါယကာ ဤအတူသာလျှင် စိတ်ကို စောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ ဝစီကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ မနောကံသည်လည်း (ကိလေသာဖြင့်) မစိုစွတ်၊ မစိုစွတ်သော ကာယကံ ဝစီကံ မနောကံရှိသူ၏ ကာယကံသည်လည်း မဆွေးမြေ့၊ ဝစီကံသည်လည်း မဆွေးမြေ့၊ မနောကံသည်လည်း မဆွေးမြေ့။ မဆွေးမြေ့သော ကာယကံ ဝစီကံ မနောကံရှိသူအား ကောင်းသော သေခြင်းဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏”ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။