အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမ္ဗောဓဝဂ်

၁ဝ-ဒုတိယ နိဒါနသုတ်

၁၁၃။ ရဟန်းတို့ (ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော) ကံ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကိုစွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။ ရဟန်းတို့ အားကြီးသော လိုချင် တပ်မက်ခြင်း’ဆန္ဒရာဂ’၏ အကြောင်း ဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒ ရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရား တို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန် သော အတိတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်သနည်း။ ရဟန်းတို့ အားကြီးသော လိုချင် တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ အားကြီးသော တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်သုံးသပ်သူအား အလို ‘ဆန္ဒ’ ဖြစ်၏၊ အလို ‘ဆန္ဒ’ ဖြစ်သူသည် ထို (ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော)တရားတို့နှင့် ယှဉ်စပ်၏။ ရဟန်းတို့ စိတ်၏ ပြင်းစွာတပ်မက်ခြင်းကို သံယောဇဉ် ‘နှောင်ကြိုး’ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန် သော အနာဂတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်သနည်း။ ရဟန်းတို့ အားကြီးသော လိုချင် တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ အားကြီးသော တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်သုံးသပ်သူအား အလို ‘ဆန္ဒ’ ဖြစ်၏၊ အလို ‘ဆန္ဒ’ ဖြစ်သူသည် ထို (ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော)တရားတို့နှင့် ယှဉ်စပ်၏။ ရဟန်းတို့ စိတ်၏ ပြင်းစွာတပ်မက်ခြင်းကို သံယောဇဉ် ‘နှောင်ကြိုး’ဟု ငါ ဆို၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန် သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်သနည်း၊ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ စိတ်ဖြင့် အဖန်ဖန် ကြံစည်သုံးသပ်သူအား အလို ‘ဆန္ဒ’ ဖြစ်၏၊ အလို ‘ဆန္ဒ’ ဖြစ်သူသည် ထို ဆန္ဒ ရာဂ၏ အကြောင်းဖြစ်ကုန်သော)တရားတို့နှင့် ယှဉ်စပ်၏။ ရဟန်းတို့ စိတ်၏ ပြင်းစွာ တပ်မက်ခြင်းကို သံယောဇဉ် ‘နှောင်ကြိုး’ဟု ငါ ဆို၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ ဖြစ်၏။ ရဟန်းတို့ (ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော) ကံဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ (ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့အားကြီးသော လိုချင်တပ်မက်ခြင်း’ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်။ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်၊ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန် သော အတိတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်သနည်း။ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့၏ နောင်ဖြစ်လတ္တံ့ အကျိုးကို သိ၏၊ နောင်ဖြစ်လတ္တံ့ အကျိုးကို သိ၍ ထို အကျိုးကို နစ်စေ၏၊ ထို အကျိုးကို နစ်စေ၍ စိတ်ဖြင့် ထိုးထွင်းသိပြီးလျှင် ပညာဖြင့် ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသောလိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်သနည်း။ ရဟန်းတို့ အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့၏ နောင်ဖြစ်လတ္တံ့ အကျိုးကို သိ၏၊ နောင်ဖြစ်လတ္တံ့ အကျိုးကို သိ၍ ထို အကျိုးကို နစ်စေ၏၊ ထို အကျိုးကို နစ်စေ၍ စိတ်ဖြင့် ထိုးထွင်းသိပြီးလျှင် ပညာဖြင့် ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားတို့ကိိုု စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်။

ရဟန်းတို့ အဘယ်သို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကို စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်သနည်း။ ရဟန်းတို့ အားကြီးသော လိုချင် တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့၏ နောင်ဖြစ်လတ္တံ့ အကျိုးကို သိ၏၊ နောင်ဖြစ်လတ္တံ့အကျိုးကို သိ၍ ထို အကျိုးကို နစ်စေ၏၊ ထို အကျိုးကို နစ်စေ၍ စိတ်ဖြင့် ထိုးထွင်း သိပြီးလျှင် ပညာဖြင့် ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသို့လျှင် အားကြီးသော လိုချင်တပ်မက်ခြင်း ‘ဆန္ဒရာဂ’၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားတို့ကိိုု စွဲ၍ အလို ‘ဆန္ဒ’ မဖြစ်။ ရဟန်းတို့ (ဝဋ်ဆင်းရဲကို ချုပ်ငြိမ်းစေတတ်သော) ကံ ဖြစ်ရန် အကြောင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သမ္ဗောဓဝဂ် ပြီး၏။