အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အာပါယိကဝဂ်

၈-ပဌမ သောစေယျသုတ်

၁၂၁။ ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကာယဒွါရ၌ စင်ကြယ်ခြင်း၊ ဝစီဒွါရ၌ စင်ကြယ်ခြင်း၊ မနောဒွါရ၌ စင်ကြယ်ခြင်းတို့တည်း။ ရဟန်းတို့ ကာယဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ မနောဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ ပျက်စီးစေလိုသောစိတ် မရှိ၊ ကောင်းသော မြင်ခြင်းရှိ၏။ ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။