အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာပါယိကဝဂ်
၉-ဒုတိယ သောစေယျသုတ်
၁၂၂။ ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကာယဒွါရ၌ စင်ကြယ်ခြင်း၊ ဝစီဒွါရ၌ စင်ကြယ်ခြင်း၊ မနောဒွါရ၌ စင်ကြယ်ခြင်းတို့တည်း။ ရဟန်းတို့ ကာယဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊။ ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။
ရဟန်းတို့ မနောဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် မိမိသန္တာန်၌ ထင်ရှားရှိသော ကာမဂုဏ်ကို လိုလားခြင်း ‘ကာမစ္ဆ န္ဒ’ ကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆ န္ဒ ရှိ၏”ဟု အပြားအားဖြင့် သိ၏၊ မိမိသန္တာန်၌ ထင်ရှားမရှိသော ကာမစ္ဆ န္ဒကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ကာမစ္ဆန္ဒ မရှိ”ဟု အပြားအားဖြင့် သိ၏၊ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ ဖြစ်ပေါ် ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆ န္ဒ ပယ်ကြောင်းကိုလည်း အပြားအား ဖြင့် သိ၏၊ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်တစ်ဖန် မဖြစ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ အတွင်းသန္တာန်၌ ထင်ရှားရှိသော ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ဗျာပါဒရှိ၏”ဟု အပြားအားဖြင့် သိ၏၊ အတွင်းသန္တာန်၌ ထင်ရှားမရှိသော ဗျာပါဒကိုလည်း “ငါ၏ အတွင်း သန္တာန်၌ ဗျာပါဒ မရှိ”ဟု အပြားအားဖြင့် သိ၏၊ မဖြစ်ပေါ်သေးသော ဗျာပါဒဖြစ်ပေါ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ဖြစ်ပေါ်ပြီးသော ဗျာပါဒပယ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ ပယ်ပြီးသော ဗျာပါဒ၏ နောင်တစ်ဖန် မဖြစ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ အတွင်းသန္တာန်၌ ထင်ရှား ရှိသော ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ထိနမိဒ္ဓရှိ၏”ဟု အပြားအားဖြင့် သိ၏၊ မိမိသန္တာန်၌ ထင်ရှားမရှိသော ထိနမိဒ္ဓကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ထိနမိဒ္ဓမရှိ”ဟု အပြား အားဖြင့် သိ၏၊ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ္ဒ ဖြစ်ပေါ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ဖြစ်ပေါ် ပြီးသော ထိနမိဒ္ဓပယ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်တစ်ဖန် မဖြစ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ အတွင်းသန္တာန်၌ ထင်ရှားရှိသော ပျံ ့လွင့်ခြင်း နောင်တ ပူပန်ခြင်း ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စရှိ၏”ဟု အပြားအားဖြင့် သိ၏၊ မိမိအတွင်းသန္တာန်၌ ထင်ရှားမရှိသော ဥဒ္ဓစ္စ ကုက္ကုစ္စကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ဥဒ္ဓစ္စ ကုက္ကုစ္စ မရှိ”ဟု အပြားအားဖြင့် သိ၏၊ မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စ ကုက္ကုစ္စ ဖြစ်ပေါ်ကြောင်းကိုလည်း အပြား အားဖြင့် သိ၏၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ ပယ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်တစ်ဖန် မဖြစ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ အတွင်းသန္တာန်၌ ထင်ရှားရှိသော မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ဝိစိကိစ္ဆာရှိ၏”ဟု အပြား အားဖြင့် သိ၏၊ အတွင်းသန္တာန်၌ ထင်ရှားမရှိသော ဝိစိကိစ္ဆာကိုလည်း “ငါ၏ အတွင်းသန္တာန်၌ ဝိစိကိစ္ဆာ မရှိ”ဟု အပြားအားဖြင့် သိ၏၊ မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာဖြစ်ပေါ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာပယ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏၊ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်တစ်ဖန် မဖြစ်ကြောင်းကိုလည်း အပြားအားဖြင့် သိ၏။ ရဟန်းတို့ ဤသည်ကို စိတ်၏ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။ ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ကာယဒွါရ ဝစီဒွါရ မနောဒွါရ၌ စင်ကြယ်ခြင်းရှိ၍ အာသဝေါတရားမရှိသော စင်ကြယ် သော ပုဂ္ဂိုလ်ကို့မကောင်းမှုကို ဆေးလျှော်ပြီးသော စင်ကြယ်ခြင်းဂုဏ်နှင့် ပြည့်စုံ သော ပုဂ္ဂိုလ်ဟု ဆိုကုန်၏။
နဝမသုတ်။