အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၇-ရောဂသုတ်

၁၅၇။ ရဟန်းတို့ ရောဂါတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကိုယ်၌ ဖြစ်သော ရောဂါ၊ စိတ်၌ဖြစ်သော ရောဂါတို့တည်း။ ရဟန်းတို့ တစ်နှစ်ပတ်လုံး ကိုယ်၌ဖြစ်သော ရောဂါ မရှိခြင်းကို ဝန်ခံကုန်သော သတ္တဝါ၊ နှစ်နှစ်တို့ပတ်လုံး သုံးနှစ်တို့ပတ်လုံး လေးနှစ်တို့ပတ်လုံး ငါးနှစ်တို့ ပတ်လုံး ဆယ်နှစ်တို့ပတ်လုံး အနှစ်နှစ်ဆယ်တို့ပတ်လုံး အနှစ်သုံးဆယ်တို့ပတ်လုံး အနှစ်လေးဆယ်တို့ ပတ်လုံး အနှစ်ငါးဆယ်တို့ပတ်လုံး အနှစ်တစ်ရာ အနှစ်တစ်ရာအလွန် ရောဂါမရှိခြင်းကို ဝန်ခံကုန်သော သတ္တဝါတို့ကို တွေ့မြင်နိုင်ကုန်၏။ ရဟန်းတို့ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး တခဏမျှလည်း စိတ်၌ဖြစ်သော ရောဂါမရှိခြင်းကို ဝန်ခံသော သတ္တဝါတို့ကို လောက၌ အလွန် တွေ့မြင်ရခဲကုန်၏။

ရဟန်းတို့ ရဟန်း၏ ရောဂါတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလိုကြီး၏၊ (ပစ္စည်းလေးပါးကြောင့်) ပင်ပန်းခြင်း ရှိ၏၊ ရတတ်သမျှ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဆေး အသုံးအဆောင်ဖြင့် မရောင့်ရဲ။ ထိုရဟန်းသည် အလိုကြီးသည်ဖြစ်၍ (ပစ္စည်းလေးပါးကြောင့်) ပင်ပန်းခြင်း ရှိသည်ဖြစ်၍ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်ဖြင့် မရောင့်ရဲသည်ဖြစ်၍ သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းကို ရရန်, လာဘ် ပူဇော်သကာ အကျော်အစောကို ရရန် ယုတ်မာသော အလိုကို ဆောက်တည်၏။ ထိုရဟန်းသည် မိမိကို သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းကို ရရန်, လာဘ် ပူဇော်သကာ အကျော်အစောကို ရရန် ထကြွ၏၊ စေ့ဆော်၏၊ လုံ့လပြု၏။ ထိုရဟန်းသည် (ငါ့ကို သူတစ်ပါးတို့ သိစေသတည်းဟု) ဆင်ခြင်၍ ဒါယကာတို့သို့ ချဉ်းကပ်၏၊ ဆင်ခြင်၍ နေထိုင်၏၊ ဆင်ခြင်၍တရားကို ပြောဟော၏၊ ဆင်ခြင်၍ ကျင်ကြီး ကျင်ငယ်တို့ကို ချုပ်တည်းထား၏။ ရဟန်းတို့ ရဟန်း၏ ရောဂါတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤုသို့ ကျင့်ရမည် “ငါတို့သည် အလိုနည်းကုန်အံ့၊ (ပစ္စည်းလေးပါးကြောင့်) ပင်ပန်းခြင်း မရှိကုန်အံ့၊ ရတတ်သမျှ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲကုန်အံ့၊ သူတစ်ပါးတို့ မထီမဲ့မြင် မပြုခြင်းကို ရရန်, လာဘ် ပူဇော်သကာ အကျော်အစောကို ရရန် ယုတ်မာသော အလိုကို မဆောက်တည်ကုန်အံ့၊ သူတစ်ပါးတို့ မထီမဲ့မြင်မပြုခြင်းကို ရရန် လာဘ်ပူဇော်သကာ အကျော်အစောကို ရရန် အားမထုတ်ကုန်အံ့၊ မထကြွကုန်အံ့၊ မစေ့ဆော်ကုန်အံ့၊ လုံ့လ မပြုကုန်အံ့၊ အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့တို့ကိုသည်းခံကုန်အံ့၊ မကောင်းသဖြင့် ဆိုအပ်ကုန်, မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုလည်းကောင်း၊ ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သော သဘောရှိကုန်အံ့”ဟု (ကျင့်ရမည်)။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ကြရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။