အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဖာသုဝိဟာရဝဂ်
၃-မဟာစောရသုတ်
၁ဝ၃။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက် လုယူ၏၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူ၏၊ လမ်းခရီး၌စောင့်၍သော်လည်း တိုက်ခိုက် လုယူ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည်—
မညီညွတ်သော အရပ်ကိုသော်လည်း အမှီရ၏။
တောအုပ်ကိုသော်လည်း အမှီရ၏။
အားကြီးသူကိုသော်လည်း အမှီရ၏။
ပစ္စည်းဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိ၏။
တစ်ယောက်တည်းသော်လည်း သွားလာတတ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သော အရပ်ကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာကူးခက်သော မြစ်ကိုသော်လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော်လည်းကောင်း အမှီရ၏။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သော အရပ်ကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော်လည်းကောင်း၊ သစ်တောကိုသော်လည်း့ကောင်း၊ ထူထဲသော တောအုပ်ကိုသော်လည်းကောင်း၊ တောအုပ်ကြီးကိုသော်လည်းကောင်း အမှီရ၏။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏အမတ်တို့ကိုသော်လည်းကောင်း အမှီရ၏၊ ထိုခိုးသူကြီးအား “အကယ်၍ တစ်ယောက်ယောက်က ငါ့ကို တစ်စုံတစ်ရာပြောငြားအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကိုကာကွယ်၍ ငါ့အကျိုးကို ပြောကြလိမ့်မည်”ဟု အကြံဖြစ်၏။
အကယ်၍ ငါ့ကို တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောငြားအံ့၊ ထိုမင်းတို့ကသော်လည်းကောင်း၊ ထိုမင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် စည်းစိမ်ဥစ္စာကို စွန့်ကြဲလေ့ရှိသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ ထိုခိုးသူကြီးအား “အကယ်၍ တစ်ယောက်ယောက်က ငါ့ကို တစ်စုံတစ်ရာ ပြောငြားအံ့၊ ထို စည်းစိမ်မှပစ္စည်းဥစ္စာဖြင့် အစေ့အစပ်ပြုလုပ်မည်”ဟု အကြံဖြစ်၏။
အကယ်၍ ထိုခိုးသူကြီးကို တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောငြားအံ့၊ ထိုစည်းစိမ်မှပစ္စည်းဥစ္စာဖြင့် အစေ့အစပ်ပြုလုပ်၏။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် ပစ္စည်းဥစ္စာကို စွန့်ကြဲလေ့ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တစ်ယောက်တည်း သွားလာသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် တစ်ယောက်တည်းသာလျှင် လုယူမှုတို့ကို ပြုတတ်၏။
ထိုသို့ ပြုခြင်းသည် အဘယ်ကြောင့်နည်း —
“ငါ၏ လျှို့ဝှက်တိုင်ပင်မှုတို့သည် အပြင်ပ၌ ပေါက်ကြားခြင်းသို့ မရောက်ပါစေကုန်လင့်”ဟု နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တစ်ယောက်တည်း သွားလာတတ်၏။
ရဟန်းတို့ ဤ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက် လုယူ၏၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူ၏၊ လမ်းခရီး၌စောင့်၍သော်လည်း တိုက်ခိုက် လုယူ၏။
ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် တူးဖြိုဖျက်ဆီး အပ်သောမိမိကိုယ်ကိုစောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲ၏၊ များစွာသောမကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။
အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည်—
မညီညွတ်သော အရပ်ကိုသော်လည်း အမှီရ၏။
တောအုပ်ကိုသော်လည်း အမှီရ၏။
အားကြီးသူကိုသော်လည်း အမှီရ၏။
စည်းစိမ်ဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိ၏။
တစ်ယောက်တည်းသော်လည်း သွားလာတတ်၏။
ရဟန်းတို့ ရဟန်းယုတ်သည် အဘယ်သို့လျှင် မညီညွတ်သော အရပ်ကို အမှီရသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီ့ညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သော အရပ်ကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မှားယွင်းသောအယူ ရှိ၏၊ သဿတစသည်ဖြင့်စွဲယူသော အန္တဂ္ဂါဟိကဒိဋ္ဌိနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏အမတ်ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏။
ထိုရဟန်းအား—
“အကယ်၍ တစ်ယောက်ယောက်က ငါ့ကို တစ်စုံတစ်ရာ ပြောငြားအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကိုပြောကြလိမ့်မည်”ဟု အကြံဖြစ်၏။
အကယ်၍ ထိုရဟန်းကို တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောငြားအံ့၊ ထိုမင်းတို့ကသော်လည်းကောင်း၊ မင်း၏အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်း၏ အကျိုးကိုပြောကုန်၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် စည်းစိမ်ဥစ္စာကို စွန့်ကြဲလေ့ရှိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရ၏။
ထိုရဟန်းအား—
“အကယ်၍ ငါ့ကို တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောငြားအံ့၊ ထိုစည်းစိမ်မှ လာဘ် လာဘဖြင့်အစေ့အစပ်ပြုမည်”ဟု အကြံဖြစ်၏။
အကယ်၍ ထိုရဟန်းယုတ်ကို တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောငြားအံ့၊ ထိုစည်းစိမ်မှလာဘ် လာဘဖြင့် အစေ့အစပ် ပြုလုပ်၏။
ရဟန်းတို့ ဤသို့လျှင် စည်းစိမ်ဥစ္စာကို စွန့်ကြဲလေ့ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တစ်ယောက်တည်း သွားလာသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် တစ်ယောက်တည်းသာလျှင် အစွန်အဖျားကျသောဇနပုဒ်တို့၌ နေ၏၊ ထိုရဟန်းယုတ်သည် ထိုဇနပုဒ်ရှိ အိမ်တို့သို့ ချဉ်းကပ်သည်ရှိသော် လာဘ်ကို ရ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တစ်ယောက်တည်း သွားလာ၏။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကိုစောင့်ရှောက်၏၊ အပြစ်လည်းရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲ၏၊ များစွာသော မကောင်းမှုကိုလည်းဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။