အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-ဗြာဟ္မဏဝဂ်
၃-သင်္ဂ ါရဝသုတ်
၁၉၃။ ထိုအခါ သဂ ငါ်္ရဝပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —
“အသျှင်ဂေါတမ နေ့ညဉ့်ရှည်စွာ သရဇ္ဇျ ာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် တစ်ရံတစ်ခါ (ဉာဏ်၌ ) ထင်မလာပါကုန်၊ သရဇ္ဇျာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ ထိုအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။
အသျှင်ဂေါတမ နေ့ညဉ့်ရှည်စွာ သရဇ္ဇျ ာယ်ခြင်းကို မပြုပါသော်လည်း ဗေဒင်တို့သည် တစ်ရံတစ်ခါ (ဉာဏ်၌ ) ထင်လာပါကုန်၏ သရဇ္ဇျာယ်ခြင်းကို ပြုပါမူ အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ ထိုအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။
ပုဏ္ဏား ကာမဂုဏ်တို့၌ စွဲမက်ခြင်း ‘ကာမရာဂ’ ထကြွသောင်းကျန်းသည်ဖြစ်၍ ကာမရာဂနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာမသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဇျာယ်ခြင်းကို ပြုကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဇျာယ်ခြင်းကို မပြုပါမူအဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။
ပုဏ္ဏား ချိပ်ရည်ဖြင့်ဖြစ်စေ နနွင်းဖြင့်ဖြစ်စေ စိမ်းညိုသော ဆေးရောင်ဖြင့်ဖြစ်စေ မောင်းသောဆေးရောင်ဖြင့် ဖြစ်စေ ရောနှောအပ်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည်မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင်ကာမဂုဏ်တို့၌ စွဲမက်မှု ‘ကာမရာဂ’ ထကြွသောင်းကျန်းသည် ဖြစ်၍ ကာမရာဂနှိပ်စက်အပ်သော စိတ်ဖြင့်နေလျက်၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၁)
ပုဏ္ဏား နောက်တစ်မျိုးကား ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် ထကြွသောင်းကျန်းသည်ဖြစ်၍ ဗျာပါဒနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကိုမပြုပါမူ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ပုဏ္ဏား မီးဖြင့် ပူလောင်သည် ဖြစ်၍ ကျိုက်ကျိုက်ဆူလျက် အငွေ့ထွက်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာမသိမမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွသောင်းကျန်းသည် ဖြစ်၍ဗျာပါဒနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၂)
ပုဏ္ဏား နောက်တစ်မျိုးကား လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွသောင်းကျန်းသည်ဖြစ်၍ ထိနမိဒ္ဓနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်း့ဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကိုမပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား မှော် ရေညှိတို့ဖြင့် မြှေးယှက်အပ်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသောယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်ရာသကဲ့သို့၊ ပုဏ္ဏားဤအတူသာလျှင် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွသောင်းကျန်းသည်ဖြစ်၍ ထိနမိဒ္ဓနှိပ်စက်အပ်သောစိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကိုပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၃)
ပုဏ္ဏား နောက်တစ်မျိုးကား ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ထကြွသောင်းကျန်းသည် ဖြစ်၍ဥဒ္ဓစ္စကုက္ကုစ္စနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ပုဏ္ဏား လေတိုက်ခတ်သည်ဖြစ်၍ ရွေ့ရှားတုန်လှုပ်လျက် လှိုင်းထသော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ထကြွ သောင်းကျန်းသည်ဖြစ်၍ ဥဒ္ဓစ္စကုက္ကုစ္စနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၄)
ပုဏ္ဏား နောက်တစ်မျိုးကား မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွသောင်းကျန်းသည်ဖြစ်၍ ဝိစိကိစ္ဆာနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား နောက်ကျုလျက် အနည်ထကာ ညွန်ရေဖြစ်၍ မှောင်ထဲ၌ ချထားအပ်သည့် ရေဖြင့် ပြည့် သောခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်း မှန်စွာမသိမမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွ သောင်းကျန်း သည်ဖြစ်၍ဝိစိကိစ္ဆာနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ခြင်း ကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်လျက်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ့ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၅)
ပုဏ္ဏား ကာမဂုဏ်တို့၌ စွဲမက်မှု ‘ကာမရာဂ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ကာမရာဂ မနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်လာကုန်၏၊ သရဇ္ဈာယ်ခြင်းကို ပြုပါမူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား ချိပ်ရည်ဖြင့်ဖြစ်စေ နနွင်းဖြင့်ဖြစ်စေ စိမ်းညိုသော ဆေးရောင်ဖြင့်ဖြစ်စေ မောင်းသော ဆေးရောင်ဖြင့်ဖြစ်စေ မရောနှောအပ်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ သိရာ မြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် ကာမဂုဏ်တို့၌ စွဲမက်မှု ‘ကာမရာဂ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ကာမရာဂ မနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ခြင်းကိုလည်းဟုတ်တိုင်းမှန်စွာသိသောအခါ၊ [မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ နေ့ညဉ့်ရှည်စွာသရဇ္ဈာယ်ခြင်းကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်လာကုန်၏၊ သရဇ္ဈာယ်ခြင်းကိုပြုပါမူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း]။ (၁)
ပုဏ္ဏား နောက်တစ်မျိုးကား ပျက်စီးစေလိုမှု ‘ဗျာပါဒ’ မထကြွ မသောင်းကျန်းသည် ဖြစ်၍ ဗျာပါဒမနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။
ပုဏ္ဏား မီးဖြင့် မပူလောင်သည် ဖြစ်၍ ကျိုက်ကျိုက်မဆူ အငွေ့မထွက်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာသိရာမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ဗျာပါဒမနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။ (၂)
ပုဏ္ဏား နောက်တစ်မျိုးကား လေးလံထိုင်းမှိုင်းမှု’ထိနမိဒ္ဓ’ မထကြွ မသောင်းကျန်းသည် ဖြစ်၍ထိနမိဒ္ဓမနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။
ပုဏ္ဏား မှော် ရေညှိတို့ဖြင့် မမြှေးယှက်အပ်သော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသောယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ သိရာမြင်ရာသကဲ့သို့၊ ပုဏ္ဏားဤအတူသာလျှင် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ မထကြွ မသောင်းကျန်းသည် ဖြစ်၍ ထိနမိဒ္ဓမနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။ (၃)
ပုဏ္ဏား နောက်တစ်မျိုးကား ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ဥဒ္ဓစ္စ ကုက္ကုစ္စ မနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။
ပုဏ္ဏား လေမတိုက်သည်ဖြစ်၍ မရွေ့ရှား မတုန်လှုပ် လှိုင်းမထသော ရေဖြင့် ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ သိရာမြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ဥဒ္ဓစ္စကုက္ကုစ္စ မနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်။ပ။ (၄)
ပုဏ္ဏား နောက်တစ်မျိုးကား မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မထကြွ မသောင်းကျန်းသည် ဖြစ်၍ ဝိစိကိစ္ဆာမနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ခြင်းကိုဟုတ်တိုင်းမှန်စွာ သိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ နေ့ညဉ့်ရှည့်စွာ သရဇ္ဈာယ်ခြင်းကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်လာကုန်၏၊ သရဇ္ဈာယ်ခြင်းကို ပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။
ပုဏ္ဏား ကြည်လင် သန့်ရှင်းလျက် မနောက်ကျုသည်ဖြစ်၍ အလင်းရောင်၌ ချထားအပ်သော ရေဖြင့်ပြည့်သော ခွက်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော်ဟုတ်တိုင်းမှန်စွာ သိရာ မြင်ရာသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မထကြွ မသောင်းကျန်းသည်ဖြစ်၍ ဝိစိကိစ္ဆာ မနှိပ်စက်အပ်သော စိတ်ဖြင့် နေလျက်၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ခြင်းကိုဟုတ်တိုင်းမှန်စွာ သိသောအခါ၊ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊ အကျိုးနှစ်ပါးလုံးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏မြင်၏၊ နေ့ညဉ့်ရှည်စွာ သရဇ္ဈာယ်ခြင်းကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် (ဉာဏ်၌ ) ထင်လာကုန်၏၊ သရဇ္ဈာယ်ခြင်းကို ပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၅)
ပုဏ္ဏား နေ့ ညဉ့် ရှည်စွာ သရဇ္ဈာယ်ခြင်းကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် တစ်ရံတစ်ခါ (ဉာဏ်၌ ) ထင်မလာကုန်၊ သရဇ္ဈာယ်ခြင်းကို မပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟူရာ၌ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။
ပုဏ္ဏား နေ့ ညဉ့် ရှည်စွာ သရဇ္ဈာယ်ခြင်းကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် တစ်ရံတစ်ခါ (ဉာဏ်၌ ) ထင်လာကုန်၏၊ သရဇ္ဈာယ်ခြင်းကို ပြုပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟူရာ၌ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ဆည်းကပ်ခြင်းသို့ ရောက်သောဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။
တတိယသုတ်။