အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-ဗြာဟ္မဏဝဂ်

၄-ကာရဏပါလီသုတ်

၁၉၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ကာရဏပါလီပုဏ္ဏားသည် လိစ္ဆဝီမင်းတို့၏ အမှုကိုပြုစေ၏၊ ကာရဏပါလီပုဏ္ဏားသည် ပိင်္ဂိယာနီပုဏ္ဏား အဝေးမှ လာသည်ကို မြင်လတ်သော်—

အသျှင်ပိင်္ဂိယာနီသည် ယခု မွန်းတည့်ချိန်၌ အဘယ်အရပ်မှ လာပါသနည်းဟု မေး၏။

အသျှင်ပုဏ္ဏား အကျွန်ုပ်သည် ဤအသျှင်ဂေါတမ၏ အထံမှ လာခဲ့ပါ၏ဟု (ဆို၏)။

အသျှင်ပိင်္ဂိယာနီသည် ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ ပညာထက်မြက်မှု၌ ရဟန်းဂေါတမကို ပညာရှိဟု မှတ်ထင်ပါသလောဟု (မေး၏)။

အသျှင်ပုဏ္ဏား အကျွန်ုပ်သည် အဘယ်သို့သောသူနည်း၊ ရဟန်းဂေါတမ၏ ပညာထက်မြက်မှုကိုအဘယ်မှာ သိနိုင်ပါအံ့နည်း၊ ရဟန်းဂေါတမ၏ ပညာထက်မြက်မှုကို သိသူသည်လည်း ထိုရဟန်းဂေါတမကဲ့သို့သော သူသာလျှင် ဖြစ်ရာ၏ဟု (ဆို၏)။

အသျှင်ပိင်္ဂိယာနီသည် စင်စစ် ရဟန်းဂေါတမကို မြင့်မြတ်သော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းဘိ၏ဟု (ဆို၏)။

အသျှင် အကျွန်ုပ်သည် အဘယ်သို့သော သူမို့နည်း၊ ရဟန်းဂေါတမကို အဘယ့်ကြောင့် ချီးမွမ်းနိုင်မည်နည်း၊ ထိုအသျှင်ဂေါတမသည် ချီးမွမ်းထိုက်သော ဂုဏ်တို့ကြောင့် ချီးမွမ်းအပ်သူဖြစ်၍သာလျှင်နတ်လူတို့ထက် မြတ်တော်မူ၏ဟု (ဆို၏)။

အသျှင်ပိင်္ဂိယာနီသည် အဘယ် အကျိုးထူးကို ကောင်းစွာ တွေ့မြင်၍ ရဟန်းဂေါတမ၌ ဤသို့အလွန်ကြည်ညိုဘိသနည်းဟု (မေး၏)။

အသျှင်ပုဏ္ဏား မွန်မြတ်သော အရသာဖြင့် တင်းတိမ်ရောင့်ရဲပြီးသော ယောကျာ်းသည် အခြားယုတ်ညံ့သော အရသာတို့ကို မတောင့်တသကဲ့သို့၊ အသျှင်ပုဏ္ဏား ဤအတူသာလျှင် သုတ်အားဖြင့်ဖြစ်စေဂေယျအားဖြင့်ဖြစ်စေ ဝေယျာကရဏအားဖြင့်ဖြစ်စေ အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ အသျှင်ဂေါတမ၏တရားတော်ဟူသမျှကို ကြားနာရသည့် အခါတိုင်း အခြားများစွာသော သမဏဗြာဟ္မဏတို့၏ အယူဝါဒကိုမတောင့်တတော့ချေ။

အသျှင်ပုဏ္ဏား ဆာလောင်မှု အားနည်းမှုနှိပ်စက်ခံရသော ယောကျာ်းသည် ပျားမုန့်ဆုပ်ကို ရ၍လျက်သည့် အခါတိုင်း (အရသာတစ်ပါး) လောင်းစွက်ဖွယ်မရှိသော အလွန်ကောင်းမြတ်သည့် အရသာကိုရရာသကဲ့သို့၊ အသျှင်ပုဏ္ဏား ဤအတူသာလျှင် သုတ်အားဖြင့်ဖြစ်စေ ဂေယျအားဖြင့်ဖြစ်စေ ဝေယျာကရိုဏ်းအားဖြင့်ဖြစ်စေ အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ ထိုအသျှင်ဂေါတမ၏ တရားတော်ဟူသမျှကို ကြားနာရသည့် အခါတိုင်း ဝမ်းမြောက်မှု စိတ်ကြည်လင်မှုကို ရသည်သာတည်း။

အသျှင်ပုဏ္ဏား စန္ဒကူးရွှေတုံးကိုသော်လည်းကောင်း၊ စန္ဒကူးနီတုံးကိုသော်လည်းကောင်း ရသောယောကျာ်းသည် အရင်းမှဖြစ်စေ အလယ်မှဖြစ်စေ အဖျားမှဖြစ်စေ နမ်းသည့် နေရာတိုင်းမှ (အနံ့တစ်ပါး) လောင်းစွက်ဖွယ်မရှိသော အလွန်ကောင်းမွန်သည့် အနံ့ကို ရရာသကဲ့သို့၊ အသျှင်ပုဏ္ဏား ဤအတူသာလျှင်သုတ်အားဖြင့်ဖြစ်စေ ဂေယျအားဖြင့်ဖြစ်စေ ဝေယျာကရဏအားဖြင့်ဖြစ်စေ အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေထိုအသျှင်ဂေါတမ၏ တရားတော်ဟူသမျှကို ကြားနာရသည့်အခါတိုင်း နှစ်သိမ့်မှု ဝမ်းသာမှုကို ရ၏။

အသျှင်ပုဏ္ဏား အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ရောက်လျက် ပြင်းစွာ မကျန်းမမာသောယောကျာ်းအား တတ်ကျွမ်းနားလည်သော ဆေးဆရာသည် တခဏချင်း အနာကို နုတ်ပယ်ရာသကဲ့သို့၊ အသျှင်ပုဏ္ဏား ဤအတူသာလျှင် သုတ်အားဖြင့်ဖြစ်စေ ဂေယျအားဖြင့်ဖြစ်စေ ဝေယျာကရဏအားဖြင့်ဖြစ်စေအဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ ထိုအသျှင်ဂေါတမ၏ တရားတော်ဟူသမျှကို ကြားနာရသည့် အခါတိုင်းစိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံး မသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချုပ်ပျောက်ခြင်းသို့ရောက်ကုန်၏။

အသျှင်ပုဏ္ဏား ကြည်လင် ချိုမြိန်အေးမြသည့် ရေရှိသော ဖြူဖွေးသော ရေအဆင်းရှိသော ဆိပ်ကမ်းကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော ရေကန်သို့ နွေ နေပူတို့၏ တွေ့ထိနှိပ်စက်ခြင်းခံရသည်ဖြစ်၍ခရီးပင်ပန်းလျက် အစာရေစာ ဆာလောင်မွတ်သိပ်၍ လာသော ယောကျာ်းသည် ထိုရေကန်အတွင်းသို့သက်ဆင်းပြီးလျှင် ရေချိုး၍ဖြစ်စေ ရေသောက်၍ဖြစ်စေ ပူလောင်ခြင်း ပင်ပန်းခြင်း ပူအိုက်ခြင်းအားလုံးကို ငြိမ်းအေးစေရာသကဲ့သို့၊ အသျှင်ပုဏ္ဏား ဤအတူသာလျှင် သုတ်အားဖြင့်ဖြစ်စေဂေယျအားဖြင့်ဖြစ်စေ ဝေယျာကရဏအားဖြင့်ဖြစ်စေ အဗ္ဘုတဓမ္မအားဖြင့်ဖြစ်စေ ထိုအသျှင်ဂေါတမ၏တရားတော်ဟူသမျှကို ကြားနာရသည့်အခါတိုင်း ပူလောင်မှု ပင်ပန်းမှု ပူအိုက်မှု အားလုံးတို့သည်ငြိမ်းအေးကုန်၏ဟု (ဆို၏)။

ဤသို့ဆိုသည်ရှိသော် ကာရဏပါလီပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်ကာ လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင်—

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားအား ရှိခိုးပါ၏။

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားအား ရှိခိုးပါ၏။

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောမြတ်စွာဘုရားအား ရှိခိုးပါ၏”ဟု သုံးကြိမ် ဥဒါန်းကျူးရင့်၏။

အသျှင်ပိင်္ဂိယာနီ အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ပိင်္ဂိယာနီ အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ပိင်္ဂိယာနီ မှောက်ထားသည်ကို လှန်ပြဘိသကဲသို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကိုဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ပိင်္ဂိယာနီ) ဤအတူသာလျှင် အသျှင်ပိင်္ဂိယာနီသည်များစွာသော အကြောင်းတို့ဖြင့် တရားကို ပြပါပေ၏။

အသျှင်ပိင်္ဂိယာနီ ထိုအကျွန်ုပ်သည် ထိုအသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ပိင်္ဂိယာနီသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်ပါလော့ဟု (ဆို၏)။

စတုတ္ထသုတ်။