အင်္ဂုတ္တရနိကာယ်
(၂၂) ၂-အက္ကောသကဝဂ်
၈-ဒုတိယ အပါသာဒိကသုတ်
၂၁၈။ ရဟန်းတို့ ကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မကြည်ညိုသေးသော သူတို့ မကြည်ညိုကုန်။
ကြည်ညိုပြီးသော အချို့သူတို့သည်လည်း အကြည်ညိုပျက်ကုန်၏။
မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်မှု မရှိ။
နောင်လာနောက်သားသည် အတုလိုက်၏။
ထိုပုဂ္ဂိုလ်၏ စိတ်သည် မကြည်လင်။
ရဟန်းတို့ ကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မကြည်ညိုသေးသော သူတို့ ကြည်ညိုကုန်၏။
ကြည်ညိုပြီးသောသူတို့လည်း တိုး၍ ကြည်ညိုကုန်၏။
မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်၏။
နောင်လာနောက်သားသည် အတုလိုက်၏။
ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။