အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၇-ပဌမ အပါသာဒိကသုတ်

၂၁၇။ ရဟန်းတို့ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ၏။

ပညာရှိတို့ စိစစ်၍ ကဲ့ရဲ့ကုန်၏။

မကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။

တွေဝေလျက် သေရ၏။

ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ကြည်ညိုဖွယ် ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။

ပညာရှိတို့ စိစစ်၍ ချီးမွမ်းကုန်၏။

ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။

မတွေဝေဘဲ သေရ၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။