အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၁-ပဌမ ဒီဃစာရိကသုတ်
၂၂၁။ ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲအားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မကြားဖူးသည်ကို မကြားနာရ။
ကြားဖူးသည်ကို မဖြူစင်စေ။
ကြားဖူးသော အချို့သော တရားဖြင့် ရဲရင့်ခြင်း မဖြစ်။
ပြင်းထန်စွာ ရောဂါစွဲကပ်ခြင်းသို့ ရောက်၏။
အဆွေခင်ပွန်းလည်း မရှိ။
ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲအားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မကြားဖူးသည်ကို ကြားနာရ၏။
ကြားဖူးသည်ကို ဖြူစင်စေ၏။
ကြားဖူးသော အချို့သော တရားဖြင့် ရဲရင့်၏။
ပြင်းထန်စွာ ရောဂါစွဲကပ်ခြင်းသို့ မရောက်။
အဆွေခင်ပွန်းလည်း ရှိ၏။
ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။