အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒီဃစာရိကဝဂ်

၂-ဒုတိယ ဒီဃစာရိကသုတ်

၂၂၂။ ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မရဖူးသေးသော တရားထူးကို မရ၊ ရပြီးသော တရားထူးမှ ယုတ်လျော့၏၊ ရပြီးသော အချို့သောတရားဖြင့် မရဲရင့်၊ ပြင်းထန်စွာ ရောဂါစွဲကပ်ခြင်းသို့ ရောက်၏၊ အဆွေခင်ပွန်းလည်း မရှိ။

ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မရဖူးသေးသော တရားထူးကို ရ၏၊ ရပြီးသော တရားထူးမှ မယုတ်လျော့၊ ရပြီးသော အချို့သောတရားထူးဖြင့် ရဲရင့်၏၊ ပြင်းထန်စွာ ရောဂါစွဲကပ်ခြင်းသို့ မရောက်၊ အဆွေခင်ပွန်းလည်း ရှိ၏။

ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။