အင်္ဂုတ္တရနိကာယ်
(၂၅) ၅-ဒုစ္စရိတဝဂ်
၉-သိဝထိကသုတ်
၂၄၉။ ရဟန်းတို့ သင်းချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မစင်ကြယ်။
မကောင်းသော အနံ့ရှိ၏။
ဘေးဘျမ်းရှိ၏။
သရဲ သဘက်တို့ နေရာဖြစ်၏။
များစွာသော လူအပေါင်း၏ ငိုကြွေးရာဖြစ်၏။
ရဟန်းတို့ သင်းချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ဤအတူသာလျှင် သင်းချိုင်း ဥပမာရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မစင်ကြယ်သော ကာယကံနှင့် ပြည့်စုံ၏၊ မစင်ကြယ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မစင်ကြယ်သော မနောကံနှင့် ပြည့်စုံ၏၊ ဤသည်ကို ထိုပုဂ္ဂိုလ်၏မစင်ကြယ်မှုဟူ၍ ငါဆို၏။
ရဟန်းတို့ ထိုသင်းချိုင်းသည် မစင်ကြယ်သကဲသို့ ဤပုဂ္ဂိုလ်ကို ထိုသင်းချိုင်းဥပမာရှိသူဟူ၍ ငါဆို၏။
မစင်ကြယ်သော ကာယကံ မစင်ကြယ်သော ဝစီကံ မစင်ကြယ်သော မနောကံနှင့်ပြည့်စုံသောထိုပုဂ္ဂိုလ်အား မကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏၊ ဤသည်ကို ထိုပုဂ္ဂိုလ်၏ မကောင်းသော အနံ့ဟူ၍ ငါ ဆို၏။
ရဟန်းတို့ ထိုသင်းချိုင်းသည် မကောင်းသော အနံ့ရှိသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသင်းချိုင်း ဥပမာရှိသူဟူ၍ ငါဆို၏။
မစင်ကြယ်သော ကာယကံ မစင်ကြယ်သော ဝစီကံ မစင်ကြယ်သော မနောကံနှင့်ပြည့်စုံသောထိုပုဂ္ဂိုလ်ကို သီလကို ချင်ခင်မြတ်နိုးကုန်သော သီတင်းသုံးဖော်တို့သည် ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ဤသည်ကို ထိုပုဂ္ဂိုလ်၏ ဘေးဘျမ်းနှင့်တကွ ဖြစ်ခြင်းဟူ၍ ငါဆို၏။
ရဟန်းတို့ ထိုသင်းချိုင်းသည် ဘေးဘျမ်းနှင့်တကွ ဖြစ်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသင်းချိုင်းဥပမာရှိသူဟူ၍ ငါဆို၏။
မစင်ကြယ်သော ကာယကံ မစင်ကြယ်သော ဝစီကံ မစင်ကြယ်သော မနောကံနှင့်ပြည့်စုံသော ထိုပုဂ္ဂိုလ်သည် သဘောတူပုဂ္ဂိုလ်တို့နှင့် အတူနေ၏၊ ဤသည်ကို ထိုပုဂ္ဂိုလ်၏ သရဲသဘက်အဖြစ်ဟူ၍ ငါဆို၏။
ရဟန်းတို့ ထိုသင်းချိုင်းသည် သရဲ သဘက်တို့၏ နေရာဖြစ်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသင်းချိုင်း့ဥပမာရှိသူဟူ၍ ငါဆို၏။
မစင်ကြယ်သော ကာယကံ မစင်ကြယ်သော ဝစီကံ မစင်ကြယ်သော မနောကံနှင့် ပြည့်စုံသောထိုပုဂ္ဂိုလ်ကို သီလကို ချစ်မြတ်နိုးကုန်သော သီတင်းသုံးဖော်တို့သည် မြင်၍—
“ငါတို့သည် ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့နှင့် အတူနေရ၏၊ ငါတို့အား ဆင်းရဲလေစွတကား”ဟုရှုတ်ချကုန်၏၊ ဤသည်ကို ထိုပုဂ္ဂိုလ်၏ ငိုကြွေးရာဟူ၍ ငါဆို၏။
ရဟန်းတို့ ထိုသင်းချိုင်းသည် လူအများ၏ ငိုကြွေးရာဖြစ်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသင်းချိုင်းဥပမာရှိသူဟူ၍ ငါဆို၏။
ရဟန်းတို့ သင်းချိုင်းနှင့်တူသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။