အင်္ဂုတ္တရနိကာယ်

၁-သမ္မုတိပေယျာလ

၁-ဘတ္တုဒ္ဒေသကသုတ်

၂၇၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဆွမ်းညွှန်ရဟန်းဟူ၍ မသမုတ်အပ်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ဆန္ဒာဂတိသို့ လိုက်၏။

ဒေါသာဂတိသို့ လိုက်၏။

မောဟာဂတိသို့ လိုက်၏။

ဘယာဂတိသို့ လိုက်၏။

ညွှန်အပ်ပြီး မညွှန်ရသေးသည်ကို မသိ။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဆွမ်းညွှန်ရဟန်းဟူ၍ မသမုတ်အပ်။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဆွမ်းညွှန်ရဟန်းဟူ၍ သမုတ်အပ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ဆန္ဒာဂတိသို့ မလိုက်။

ဒေါသာဂတိသို့ မလိုက်။

မောဟာဂတိသို့ မလိုက်။

ဘယာဂတိသို့ မလိုက်။

ညွှန်အပ်ပြီး မညွှန်ရသေးသည်ကို သိ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဆွမ်းညွှန်ရဟန်းဟူ၍ သမုတ်အပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော ဆွမ်းညွှန်ရဟန်းကို သမုတ်အပ်ပြီးသော်လည်း မခိုင်းစေအပ်။ပ။

သမုတ်အပ်ပြီးစေခိုင်းအပ်၏။

မိုက်သော ရဟန်းဟု သိအပ်၏။

ပညာရှိသော ရဟန်းဟု သိအပ်၏။

တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကိုစောင့်ရှောက်၏။

မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကိုစောင့်ရှောက်၏။

ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်တရားငါးမျိုးတို့နည်းဟူမူ —

ဆန္ဒာဂတိသို့ မလိုက်။

ဒေါသာဂတိသို့ မလိုက်။

မောဟာဂတိသို့ မလိုက်။

ဘယာဂတိသို့ မလိုက်။

ညွှန်အပ်ပြီး မညွှန်ရသေးသည်ကို သိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်ရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။