အင်္ဂုတ္တရနိကာယ်
၁-သမ္မုတိပေယျာလ
၂-၁၄-သေနာသနပညာပကသုတ်စသည်
၂၇၃—၂၈၅။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းကို ကျောင်းအိပ်ရာနေရာခင်း ရဟန်းဟုမသမုတ်အပ်။ပ။ ခင်းပြီးသည် မခင်းရသေးသည်ကို မသိ။ပ။
ကျောင်းအိပ်ရာနေရာခင်း ရဟန်းဟု သမုတ်အပ်၏။ပ။ ခင်းပြီးသည် မခင်းရသေးသည်ကို သိ၏။ပ။
ကျောင်းအိပ်ရာနေရာကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကို မသိ။ပ။
ကျောင်းအိပ်ရာနေရာကို ခံယူတတ်သောရဟန်းဟု သမုတ်အပ်၏။ပ။ ခံယူပြီးသည် မခံယူရသေး သည်ကိုသိ၏။ပ။
ဘဏ္ဍာစိုးရဟန်းဟူ၍ မသမုတ်အပ်။ပ။ လုံခြုံသည် မလုံခြုံသည်ကို မသိ။ပ။
ဘဏ္ဍာစိုးရဟန်းဟူ၍ သမုတ်အပ်၏။ပ။ လုံခြုံသည် မလုံခြုံသည်ကို သိ၏။ပ။
သင်္ကန်းကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကို မသိ။ပ။
သင်္ကန်းကို ခံယူတတ်သော ရဟန်းဟု သမုတ်အပ်၏။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကို သိ၏။ပ။
သင်္ကန်းကို ဝေဖန်တတ်သော ရဟန်းဟူ၍ မသမုတ်အပ်။ပ။ ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကိုမသိ။ပ။
သင်္ကန်းကို ဝေဖန်တတ်သော ရဟန်းဟု သမုတ်အပ်၏။ပ။ ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကိုသိတတ်၏။ပ။
ယာဂုကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ ယာဂုကို ဝေဖန်တတ်သော ရဟန်းဟုသမုတ်အပ်၏။ပ။
သစ်သီးကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ သစ်သီးကို ဝေဖန်တတ်သော ရဟန်းဟုသမုတ်အပ်၏။ပ။
ခဲဖွယ်ကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို မသိ။ပ။
ခဲဖွယ်ကို ဝေဖန်တတ်သော ရဟန်းဟု သမုတ်အပ်၏။ပ။ ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို သိ၏။ပ။
အနည်းငယ်သော ဝတ္ထုကို စွန့်တတ်သော ရဟန်းဟူ၍ မသမုတ်အပ်။ပ။ စွန့်အပ်သည် မစွန့်အပ်သည်ကို မသိတတ်။ပ။
အနည်းငယ်သော ဝတ္ထုကို စွန့်တတ်သော ရဟန်းဟူ၍ သမုတ်အပ်၏။ပ။ စွန့်ပြီးသည် မစွန့်ရသေးသည်ကို သိ၏။
မိုးရေခံသင်္ကန်းကို ခံယူတတ်သော ရဟန်းဟူ၍ မသမုတ်အပ်။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကိုမသိ။ပ။
မိုးရေခံသင်္ကန်းကို ခံယူတတ်သော ရဟန်းဟူ၍ သမုတ်အပ်၏။ပ။ ခံယူပြီးသည် မခံယူရသေး သည်ကိုသိ၏။ပ။
သပိတ်ကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကို မသိ။ပ။
သပိတ်ကို ခံယူတတ်သော ရဟန်းဟု သမုတ်အပ်၏။ပ။ ခံယူပြီးသည် မခံယူရသေးသည်ကို သိ၏။ပ။
အရံစောင့်ကိုစေခိုင်းတတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ အရံစောင့်ကိုစေခိုင်းတတ်သော ရဟန်းဟုသမုတ်အပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော ရဟန်းဟု မသမုတ်အပ်။ပ။ သာမဏေကိုစေခိုင်းတတ်သော ရဟန်းဟုသမုတ်အပ်၏။ပ။
သမုတ်အပ်ပြီးသော ရဟန်းကို မစေခိုင်းအပ်။ပ။ သမုတ်အပ်ပြီးသော ရဟန်းကိုစေခိုင်းအပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော မိုက်သော ရဟန်းဟု သိအပ်၏။ပ။
သာမဏေကိုစေခိုင်းတတ်သော ပညာရှိသော ရဟန်းဟု သိအပ်၏။ပ။
တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကိုစောင့်ရှောက်၏။ပ။
မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကိုစောင့်ရှောက်၏။ပ။
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ပ။
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ဆန္ဒာဂတိသို့ မလိုက်။
ဒေါသာဂတိသို့ မလိုက်။
မောဟာဂတိသို့ မလိုက်။
ဘယာဂတိသို့ မလိုက်။
စေခိုင်းအပ်သည် မစေခိုင်းအပ်သည်ကို သိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သာမဏေကိုစေခိုင်းတတ်သော ရဟန်းသည်ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
သမ္မုတိပေယျာလ ပြီး၏။