အင်္ဂုတ္တရနိကာယ်
၂-သိက္ခာပဒပေယျာလ
၁-ဘိက္ခုသုတ်
၂၈၆။ ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သူ့အသက်ကို သတ်တတ်၏။
မပေးသည်ကို ခိုးယူတတ်၏။
မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်၏။
မဟုတ်မမှန် ပြောတတ်၏။
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်တတ်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။
မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။
မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။