အင်္ဂုတ္တရနိကာယ်

၂-သိက္ခာပဒပေယျာလ

၂-၇-ဘိက္ခုနီသုတ်စသည်

၂၈၇—၂၉၂။ ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည်။ပ။ သိက္ခမာန်မ သည်။ပ။ သာမဏေသည်။ပ။ သာမဏေမသည်။ပ။ ဥပါသကာသည်။ပ။ ဥပါသိကာမသည် ဆောင်ယူ၍ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

သူ့အသက်ကို သတ်တတ်၏။

မပေးသည်ကို ခိုးယူတတ်၏။

ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်တတ်၏။

မဟုတ်မမှန် ပြောဆိုတတ်၏။

မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်တတ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။

မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။

ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။

မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။

မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။