အင်္ဂုတ္တရနိကာယ်
၅-မုဏ္ဍရာဇဝဂ်
၇-ဓနသုတ်
၄၇။ ရဟန်းတို့ ဥစ္စာတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာဥစ္စာတို့တည်း။
ရဟန်းတို့ သဒ္ဓါဥစ္စာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤ သာသနာတော်၌ အရိယာတပည့်သည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
“ထို မြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ယုံကြည်၏၊ ရဟန်းတို့ ဤသည်ကို သဒ္ဓါဥစ္စာဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သီလဥစ္စာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။
မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို့ ဤသည်ကို သီလဥစ္စာဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သုတဥစ္စာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကြားအမြင်များ၏။ပ။ အကြားအမြင် (ပညာ) ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။
ရဟန်းတို့ ဤသည်ကို သုတဥစ္စာဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စာဂဥစ္စာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဝန်တိုမှုအညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန်အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏။
ရဟန်းတို့ ဤသည်ကို စာဂဥစ္စာဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ပညာဥစ္စာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်းကို သိသော၊ ကိလေသာတို့ကို ဖောက်ခွဲဖျက်ဆီးနိုင်သော၊ ဆင်းရဲမှုကုန်ရာ (နိဗ္ဗာန်)သို့ ကောင်းစွာ ရောက်စေနိုင်သောမြတ်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤသည်ကို ပညာဥစ္စာဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ဥစ္စာတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အကြင်သူ၏ ယုံကြည်မှု (သဒ္ဓါ) သည် မြတ်စွာဘုရား၌ မတုန်မလှုပ် ကောင်းမွန်စွာ တည်၏၊ အကြင်သူ၏ သီလသည် ကောင်းမြတ်၏၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်၏၊ ချီးမွမ်းအပ်သည်လည်းဖြစ်၏။ အကြင်သူအား သံဃာ၌ ကြည်ညိုခြင်းသည်လည်းကောင်း၊ ဖြောင့်မတ်သည် ဖြစ်၍ ဖြစ်သောဉာဏ်အမြင်သည်လည်းကောင်း ရှိ၏။ ထိုသူကို မဆင်းရဲသော သူဟူ၍ ဆိုကုန်၏၊ ထိုသူ၏အသက်ရှင်ခြင်းကား အချည်းအနှီး မဟုတ်ချေ။ ထို့ကြောင့် ဘုရားသျှင်တို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် သဒ္ဓါကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း၊ တရားသိမြင်ခြင်းကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။
သတ္တမသုတ်။