အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၉-ပဌမသေခသုတ်
၈၉။ ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်အထက် ဂုဏ်တို့မှ) ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အမှုသစ်၌ မွေ့လျော်ခြင်း။
စကားပြောခြင်း၌ မွေ့လျော်ခြင်း။
အိပ်ခြင်း၌ မွေ့လျော်ခြင်း။
အပေါင်းအဖော်၌ မွေ့လျော်ခြင်း။
(ကိလေသာမှ) လွတ်မြောက်တိုင်းသော စိတ်ကို မဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်အထက် ဂုဏ်တို့မှ) မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အမှုသစ်၌ မမွေ့လျော်ခြင်း။
စကားပြောခြင်း၌ မမွေ့လျော်ခြင်း။
အိပ်ခြင်း၌ မမွေ့လျော်ခြင်း။
အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။
(ကိလေသာမှ) လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်အထက် ဂုဏ်တို့မှ) မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။