အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၁ဝ-ဒုတိယ သေက္ခသုတ်

၉ဝ။ ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်အထက် ဂုဏ်တို့မှ) ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် ကိစ္စများ၏၊ ပြုဖွယ်များ၏၊ အဘယ်အမှုကို ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်သော အမှုတို့၌ လိမ္မာ၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်၏၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားမထုတ်။ ရဟန်းတို့ ဤပဌမတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန်ဖြစ်၏။

ရဟန်းတို့ နောက် တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အနည်းငယ်မျှသော အမှုဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်၏၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားမထုတ်။ ရဟန်းတို့ ဤဒုတိယတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန်ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် (သာသနာတော်အား) မလျောက်ပတ်သော လူတို့၏ ဆက်ဆံခြင်းမျိုးဖြင့် လူရဟန်းတို့နှင့် ဆက်ဆံ၍ နေ၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်၏၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားမထုတ်။ ရဟန်းတို့ ဤတတိယတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အခါမဟုတ်သည်၌ ရွာသို့ ဝင်၏၊ အလွန်နေမြင့်မှ ပြန်၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်၏၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ကို အားမထုတ်။ ရဟန်းတို့ ဤစတုတ္ထတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အလိုနည်းမှုနှင့်စပ်သောစကားရောင့်ရဲလွယ်မှုနှင့်စပ်သောစကား ဆိတ်ငြိမ်မှုနှင့်စပ်သောစကား မနှီးနှောမှုနှင့်စပ်သောစကား လုံ့လအားထုတ်မှုနှင့်စပ်သောစကား သီလနှင့်စပ်သောစကား သမာဓိနှင့်စပ်သောစကား ပညာနှင့်စပ်သောစကား (ကိလေသာမှ) လွတ်မြောက်မှုနှင့်စပ်သောစကား (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)၌ ဖြစ်သောဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) နှင့်စပ်သော စကားဟူသော၊ ကိလေသာကို လွန်စွာခေါင်းပါးစေတတ်သော၊ စိတ်၏ပွင့်လင်းကြောင်း (သမထဝိပဿနာ) အား လျောက်ပတ်သော သဘောရှိသည့် စကားမျိုးကိုအလိုရှိတိုင်းရသည် မဟုတ်၊ မငြိုမငြင်ရသည် မဟုတ်၊ မပင်မပန်းရသည် မဟုတ်၊ တစ်ယောက်တည်းကိန်းအောင်းခြင်းကို စွန့်၏၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားမထုတ်။ ရဟန်းတို့ဤပဉ္စမတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်ထက်ဖြစ်သောဂုဏ်တို့မှ) ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်ထက်ဖြစ်သောဂုဏ်တို့မှ) မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် ကိစ္စမများ၊ ပြုဖွယ်မများ၊ အဘယ်အမှုကို ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်သော အမှုတို့၌ လိမ္မာ၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားထုတ်၏။ ရဟန်းတို့ ဤပဌမတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အနည်းငယ်မျှသော အမှုဖြင့် နေ့ကို့မကုန်လွန်စေ၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း’သမထ’ ကို အားထုတ်၏။ ရဟန်းတို့ ဤဒုတိယတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် (သာသနာတော်အား) မလျောက်ပတ်သော လူတို့၏ ဆက်ဆံခြင်းမျိုးဖြင့် လူ ရဟန်းတို့နှင့် ဆက်ဆံ၍ မနေ၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်၏ ငြိမ်းကြောင်း ‘သမထ’ ကို အားထုတ်၏။ ရဟန်းတို့ဤတတိယတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အခါမဟုတ်သည်၌ ရွာတွင်းသို့ မဝင်၊ အလွန်နေမြင့်မှ မပြန်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်၏ငြိမ်းကြောင်း ‘သမထ’ ကို အားထုတ်၏။ ရဟန်းတို့ ဤစတုတ္ထတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအားမဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အလိုနည်းခြင်းနှင့်စပ်သောစကားရောင့်ရဲလွယ်မှုနှင့်စပ်သောစကား ဆိပ်ငြိမ်မှုနှင့်စပ်သောစကား မနှီးနှောမှုနှင့်စပ်သောစကား လုံ့လအားထုတ်မှုနှင့်စပ်သောစကား သီလနှင့်စပ်သောစကား သမာဓိနှင့်စပ်သောစကား ပညာနှင့်စပ်သောစကား (ကိလေသာမှ) လွတ်မြောက်မှုနှင့်စပ်သောစကား (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)၌ ဖြစ်သော ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) နှင့် စပ်သော စကားဟူသော၊ ကိလေသာကို လွန်စွာခေါင်းပါးစေ တတ်သော၊ စိတ်၏ ပွင့်လင်းကြောင်း (သမထဝိပဿနာ) အား လျောက်ပတ်သောသဘောရှိသည့် စကား မျိုးကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်း ရ၏။ တစ်ယောက်တည်းကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်၏ငြိမ်းကြောင်း ‘သမထ’ ကို အားထုတ်၏။ ရဟန်းတို့ဤပဉ္စမတရားသည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား (အထက်ထက်ဖြစ်သော ဂုဏ် တို့မှ) ဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ထေရဝဂ် ပြီး၏။