အင်္ဂုတ္တရနိကာယ်

၁၁-တိကဝဂ်

၁ဝ-ဥဒ္ဓစ္စသုတ်

၁၁၆။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

စိတ်ပျံ့လွင့်မှု၊ (ဣန္ဒြေတို့ကို) မစောင့်စည်းမှု၊ မေ့လျော့မှုတို့တည်း။

ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

စိတ်ပျံ့လွင့်မှုကို ပယ်ရန် ငြိမ်းချမ်းမှု ‘သမထကမ္မဋ္ဌာန်း’ ကို ပွါးများအပ်၏။

ဣန္ဒြေမစောင့်စည်းမှုကို ပယ်ရန်စောင့်စည်းမှုကို ပွါးများအပ်၏။

မေ့လျော့မှုကို ပယ်ရန် မမေ့လျော့မှုကို ပွါးများအပ်၏။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

တစ်ဆယ့်တစ်ခုမြောက် တိကဝဂ် ပြီး၏။