အင်္ဂုတ္တရနိကာယ်
၁၂-သာမညဝဂ်
၁-ကာယာနုပဿီသုတ်
၁၁၇။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက် နေရန်မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောခြင်း၌ မွေ့လျော်မှု၊ အိပ်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအသင်း၌ ့မွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက် နေရန်မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက်နေရန်ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောခြင်း၌ မွေ့လျော်မှု၊ အိပ်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအသင်း၌ မွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက်နေရန်ထိုက်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။