အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၇-ဒါန (ဆဠင်္ဂဒါန) သုတ်

၃၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ ဝေဠုကဏ္ဍကီမြို့နေ နန္ဒမာတာဥပါသိကာမသည် သာရိပုတြာ မောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကိုတည်စေ၏။

မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်မျက်စိဖြင့် သာရိပုတြာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကို တည်စေသော ဝေဠုကဏ္ဍကီမြို့နေ နန္ဒမာတာဥပါသိကာမကိုမြင်တော်မူ၍ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏ —

“ရဟန်းတို့ ဝေဠုကဏ္ဍကီမြို့နေ ဤနန္ဒမာတာဥပါသိကာမသည် သာရိပုတြာမောဂ္ဂလာန်အမှူးရှိသောရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကို တည်စေ၏။

ရဟန်းတို့ အဘယ်သို့လျှင် အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသောအလှူ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ပေးလှူတတ်သူ ‘ဒါယကာ’ ၏ အဂ ငါ်္သုံးပါး၊ အလှူခံပုဂ္ဂိုလ်တို့၏အင်္ဂါသုံးပါးတို့သည် ဖြစ်ကုန်၏။

ပေးလှူတတ်သူ ‘ဒါယကာ’ ၏ အင်္ဂါသုံးပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ပေးလှူတတ်သူ ‘ဒါယကာ’သည် မပေးလှူမီ ဝမ်းမြောက်၏၊ ပေးလှူစဉ်စိတ်ကို ကြည်လင်စေ၏၊ ပေးလှူ ပြီးနောက် နှစ်သက်၏။

ဤသည်တို့ကား ပေးလှူတတ်သူ ‘ဒါယကာ’ ၏ အင်္ဂါသုံးပါးတို့တည်း။

အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါသုံးပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ အလှူခံပုဂ္ဂိုလ်တို့သည် တပ်မက်ခြင်း’ရာဂ’ ကင်းကုန်၏၊သို့မဟုတ်ရာဂကင်းရန်မူလည်း ကျင့်ကုန်၏။

အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းကုန်၏၊သို့မဟုတ် ဒေါသကင်းရန်မူလည်း ကျင့်ကုန်၏။

တွေဝေခြင်း ‘မောဟ’ ကင်းကုန်၏၊သို့မဟုတ် မောဟကင်းရန်မူလည်း ကျင့်ကုန်၏။

ဤသည်တို့ကား ပေးလှူတတ်သူ ‘ဒါယကာ’ ၏ အင်္ဂါသုံးပါး၊ အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါသုံးပါးတို့ တည်း။

ရဟန်းတို့ ဤသို့လျှင် အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ ဖြစ်၏။

ရဟန်းတို့ ဤသို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၌ “ဤမျှ အတိုင်းအရှည်ရှိသောကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကိုပေးတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏”ဟူ၍ ကောင်းမှုအတိုင်းအရှည်ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သောကောင်းမှုကုသိုလ် အစုကြီးာဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ “ဤမျှလောက် ကွမ်းစားပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအရာပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအထောင်ပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအသိန်းပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း ရေ၏ ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ရေအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၌ “ဤမျှလောက်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည်ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကို ပေးတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါချမ်းသာအလို့ငှါ ဖြစ်၏”ဟူ၍ ကောင်းမှု၏ အတိုင်းအရှည်ပမာဏကို ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှု ကုသိုလ်အစုဟူ၍သာလျှင်ရေတွက်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

မပေးလှူမီကပင် ဝမ်းမြောက်၏၊ ပေးလှူစဉ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူ ပြီး နောက်၌ နှစ်သက်၏၊ ဤသည်ကား အလှူ၏ ပြည့်စုံခြင်းတည်း။ ရာဂ ဒေါသ မောဟ ကင်းကုန်, အာသဝေါမရှိကုန်, ကိုယ်နှုတ်နှလုံးကိုစောင့်ရှောက်ကုန်, မြတ်သောအကျင့်ကို ကျင့်ကုန်သော ပုဂ္ဂိုလ်တို့သည် အလှူ၏ ပြည့်စုံသော လယ်မြေ မည်၏။ ကိုယ်တိုင် (လက် ခြေ ခံတွင်းတို့ကို) ဆေးကြော၍ မိမိလက်တို့ဖြင့် ပေးလှူသောကြောင့် မိမိ၏ထိုအလှူသည် တမလွန်လောက၌ ကြီးသော အကျိုးရှိ၏။ လျင်သော ဉာဏ်ရှိသော၊ သဒ္ဓါနှင့် ပြည့်စုံသည့် ပညာရှိသည် (လာဘ, မစ္ဆေရ စသည်မှ) လွတ်သောစိတ်ဖြင့် ဤသို့ လှူဒါန်းသောကြောင့် ဆင်းရဲမရှိ ချမ်းသာ သော နတ်ပြည်သို့ ကပ်ရောက်ရလေသတည်း။

သတ္တမသုတ်။