သံယုတ္တနိကာယ်—၁၂

၅—ဂဟပတိဝဂ်

၂—ဒုတိယ ပဉ္စဝေရဘယသုတ်

၄၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သောဘေး၊ ဤငါးပါးကုန်သောရန်တို့သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော ဤသောတာပတ္တိ အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့်ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် “ငါ့အား ငရဲသို့ ကျရောက်မှု ကုန်ပြီ။ပ။ ပျက်စီး၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏”ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားနိုင်ရာ၏။

အဘယ်ငါးပါးကုန်သော ဘေးရန်တို့ ငြိမ်းကုန်သနည်း၊ ရဟန်းတို့ သူ့အသက်ကို သတ်လေ့ရှိသူ သည်။ပ။ ရဟန်းတို့ မပေးသည်ကို ခိုးယူလေ့ရှိသူသည်။ ရဟန်းတို့ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသူသည်။ ရဟန်းတို့ မမှန်သော စကားကို ပြောလေ့ရှိသူသည်။ ရဟန်းတို့ မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ ရှိသူသည်။ပ။ ဤငါးပါးကုန်သော ဘေးရန်တို့သည် ငြိမ်းကုန်၏။

အဘယ်လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၌။ပ။ တရားတော်၌။ပ။ သံဃာတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ဤလေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊

အပြစ်ကင်းသော သိအပ်သော အဘယ်မည်သော တရားကို ပညာဖြင့် ကောင်းစွာ မြင်အပ်သနည်း၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ် ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏။ပ။ ဤသည်ကား ထိုအရိယာတပည့်သည် ပညာဖြင့် ကောင်းစွာ မြင်အပ် ကောင်းစွာ ထိုးထွင်း၍ သိအပ်သော အပြစ်ကင်းသော တရားတည်း။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သော ဘေးရန်တို့သည် ငြိမ်းကုန်၏။ လေးပါးကုန်သော ဤသောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤအပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် “ငါ့အား ငရဲဘုံ၌ ကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသော လားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး ၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေ မြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏”ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားနိုင်ရာ၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။