သံယုတ္တနိကာယ်—၁၂

၅—ဂဟပတိဝဂ်

၁—ပဉ္စဝေရဘယသုတ်

၄၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ငါးပါးကုန်သော ဘေး၊ ငါးပါးကုန်သော ရန်တို့သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ ထိုအခါ ထိုအရိယာတပည့်သည် အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏၊ ထိုအရိယာတပည့်သည် အလိုရှိခဲ့သော် “ငါ့အား ငရဲ၌ ကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသော လားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်းသဘော မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏”ဟု မိမိသည်ပင်လျှင် မိမိ ကိုယ်ကို ပြောကြားနိုင်ရာ၏။

အဘယ် ငါးပါးကုန်သော ဘေး၊ ငါးပါးကုန်သော ရန်တို့သည် ငြိမ်းကုန်သနည်း။ သူကြွယ် သူ့ အသက်ကို သတ်လေ့ရှိသူသည် သူ့အသက်ကို သတ်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေး ရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံး့မသာခြင်းကိုလည်း ခံစားရ၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန် သည် ငြိမ်းအေး၏။ (၁)

သူကြွယ် မပေးသည်ကို ခိုးယူလေ့ရှိသူသည် ခိုးယူခြင်း အကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၂)

သူကြွယ် ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသော သူသည် ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေး ရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ ကာမတို့၌ မှား သောအားဖြင့် ကျင့််ခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၃)

သူကြွယ် မဟုတ်မမှန်သော စကားကို ပြောလေ့ရှိသူသည် မမှန်စကားကို ပြောခြင်းအကြောင်း ကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၄)

သူကြွယ် မူးယစ်မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ရှိသူသည် မူးယစ်မေ့လျော့ ကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းအကြောင်းကြောင့် မျက်မှောက်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ တမလွန်၌ ဖြစ်သော ဘေးရန်သည် ပွားစီး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ မူးယစ်မေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သော သူအား ဤသို့သော ဘေးရန်သည် ငြိမ်းအေး၏။ (၅)

အဘယ်လေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံသနည်း၊ သူကြွယ် ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ , အကျင့် ‘စရဏ’တို့နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်း ကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါး တရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၁)

“မြတ်စွာဘုရား ဟောထားသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော် ပါပေတည်း၊ ‘လာလှည့် ရှုလှည့်’ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင် သော တရားတော်ပါပေတည်း”ဟု တရားတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၂)

“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံအားဖြင့် လေးစုံ၊ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါး အရေ အတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုလည်း ပေးလှူပူဇော် ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ် ချီခြင်းငှါ ထိုက်တော်မူပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။ (၃)

မကျိုး မပေါက် မပြောက် မကျားကုန်သော တဏှာကျွန်အဖြစ်မှ လွတ်မြောက်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော တည်ကြည်မှုသမာဓိကို ဖြစ်စေတတ်ကုန် သော အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ ဤလေးပါးကုန်သော သောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏။ (၄)

ထိုပုဂ္ဂိုလ်သည် အပြစ်ကင်းသော သိအပ်သော အဘယ်မည်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်သနည်း၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်သောအားဖြင့် နှလုံးသွင်း၏၊ “ဤသို့ ဤအကြောင်းတရား ရှိသော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ချုပ်ခြင်း ကြောင့် ဤအကျိုးတရား ချုပ်၏၊ ယင်းအကြောင်းကြောင့် အကျိုးဖြစ်ပုံကား— မသိမှု ‘အဝိဇ္ဇာ’ အကြောင်း ခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏၊ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။ ဤသည်ကား အရိယာတပည့်သည် ပညာဖြင့် ကောင်းစွာ မြင်အပ် ကောင်းစွာ ထိုးထွင်း၍ သိအပ်သော အပြစ်ကင်းသော တရားတည်း။

သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ဤငါးပါးကုန်သောဘေး၊ ဤငါးပါးကုန်သော ရန်တို့ သည် ငြိမ်းကုန်၏၊ လေးပါးကုန်သော ဤသောတာပတ္တိအင်္ဂါတို့နှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော သိအပ်သော တရားကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ကောင်းစွာ ထိုးထွင်း၍ သိအပ်၏။ ထိုအခါ ထိုအရိယာ တပည့်သည် အလိုရှိခဲ့မူ “ငါ့အား ငရဲကျရောက်မှု ကုန်ပြီ၊ တိရစ္ဆာန်မျိုး၌ ဖြစ်မှု ကုန်ပြီ၊ ပြိတ္တာဘုံ၌ ဖြစ်မှု ကုန်ပြီ၊ မကောင်းသောလားရာ အပါယ်ဘုံသို့ ကျရောက်မှု ကုန်ပြီ၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်း မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင်လျှင် မိမိ ကိုယ်ကို ပြောကြားနိုင်၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်