သံယုတ္တနိကာယ်—၁၂
၅—ဂဟပတိဝဂ်
၃—ဒုက္ခသုတ်
၄၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဆင်းရဲ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —
ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ခြင်းဟူသည် အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌မှီသော သိမှု ‘စက္ခုဝိညာဏ်’ ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တပ် မက်မှု ‘တဏှာ’ ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်ပေါ်ခြင်းတည်း။
နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ နား၌မှီသော သိမှု ‘သောတဝိညာဏ်’ ဖြစ်၏။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍။ပ။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော ‘မနောဝိညာဏ်’ ဖြစ်၏၊ သုံးပါး့တို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်ပေါ်ခြင်းတည်း။
ရဟန်းတို့ ဆင်းရဲချုပ်ခြင်းဟူသည် အဘယ်နည်း၊ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု ‘စက္ခုဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထို တဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ခြင်းတည်း။
နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ နား၌ မှီသော သိမှု ‘သောတဝိညာဏ်’ ဖြစ်၏။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍။ပ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍။ပ။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော ‘မနောဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထိုတဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏၊ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ခြင်းတည်းဟု (ဟောတော်မူ၏)။
တတိယသုတ်။