သံယုတ္တနိကာယ်—၁၂
၅—ဂဟပတိဝဂ်
၇—ဇာဏေုဿာဏိသုတ်
၄၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ နှုတ်ဆက် ပြောဆိုပြီး၍။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် ရှိပါသလော”ဟု့ (ဤစကားကို လျှောက်၏)။ ပုဏ္ဏား “အလုံးစုံသည် ရှိ၏”ဟူသော ဤအယူသည် တစ်ခုသော အစွန်း တည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် မရှိပါသလော”ဟု မေးလျှောက်ပြန်၏။ ပုဏ္ဏား “အလုံးစုံသည် မရှိ”ဟူသော ဤအယူသည်လည်း ဒုတိယအစွန်းတည်း၊ ပုဏ္ဏား ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ သင်္ခါရ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။
ဤသို့ ဟောတော်မူသည် ရှိသော် ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။
သတ္တမသုတ်