သံယုတ္တနိကာယ်—၁၂
၅—ဂဟပတိဝဂ်
၈—လောကာယတိကသုတ်
၄၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ လောကာယတိကပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် ရှိပါသလော”ဟု (ဤစကားကို လျှောက်၏)၊ ပုဏ္ဏား “အလုံးစုံသည် ရှိ၏” ဟူသော ဤအယူသည် တစ်ခုသော လောကချဲ့ တရားပေတည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် မရှိပါသလော”ဟု မေးလျှောက်ပြန်၏၊ ပုဏ္ဏား “အလုံးစုံသည် မရှိ”ဟူသော ဤအယူသည် ဒုတိယ လောကချဲ့ တရားတည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် တူသောသဘော ရှိပါသလော”ဟု မေးလျှောက်ပြန်၏၊ ပုဏ္ဏား “အလုံးစုံသည် တူသောသဘော ရှိ၏”ဟူသော ဤအယူသည် တတိယ လောကချဲ့ တရားပေ တည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ အသို့ပါနည်း၊ အလုံးစုံသည် ထူးခြားသောသဘော ရှိပါသလော”ဟု မေးလျှောက် ပြန်၏၊ ပုဏ္ဏား “အလုံးစုံသည် ထူးခြားသောသဘော ရှိ၏”ဟူသော ဤအယူသည် စတုတ္ထ လောကချဲ့ တရားပေတည်းဟု (မိန့်တော်မူ၏)။ ပုဏ္ဏား ထိုနှစ်ပါးသော အစွန်းတို့သို့ မကပ်ရောက်မူ၍ အလယ် အလတ်ဖြင့် မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ သင်္ခါရ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟော တော်မူ၏)။
ဤသို့ ဟောတော်မူသည် ရှိသော် လောကာယတိကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု (လျှောက်၏)။
အဋ္ဌမသုတ်။