သံယုတ္တနိကာယ်—၁၄
၂—ဒုတိယဝဂ်
၁၁—အပ္ပဿုတမူလကသုတ်
၁ဝ၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ နည်းသော အကြားအမြင်ရှိကုန်သော သူတို့သည် နည်းသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပျင်းရိ ကုန်သော သူတို့သည် ပျင်းရိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာ မဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ များသော အကြားအမြင်ရှိကုန်သော သူတို့သည် များသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တ ပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထက်သန်သော လုံ့လရှိကုန်သော သူတို့သည် ထက်သန်သော လုံ့လရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့ သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၁)
နည်းသော အကြားအမြင်ရှိကုန်သော သူတို့သည် နည်းသော အကြားအမြင်ရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ သတိလွတ်ကင်းသော သူတို့သည် သတိလွတ်ကင်းသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ များသော အကြားအမြင်ရှိကုန်သော သူတို့ သည် များသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထင်သော သတိရှိကုန်သော သူတို့သည် ထင်သော သတိရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ဟု (မိန့်တော်မူ၏)။ (၂)
ဧကာဒသမသုတ်။