သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၂—ပုဗ္ဗေသမ္ဗောဓသုတ်

၁၁၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သစ္စာလေးပါးကို မသိမီ သစ္စာ လေးပါကို မသိသေးသော ဘုရားလောင်း ဖြစ်စဉ်ကပင် ငါ့အား ဤအကြံသည် ဖြစ်၏ — “ပထဝီဓာတ်၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ကြောင်းသည် အဘယ်နည်း။ အာပေါဓာတ်၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ကြောင်းသည် အဘယ်နည်း။ တဇောဓာတ်၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက် ကြောင်းသည် အဘယ်နည်း။ ဝါယောဓာတ်၏ သာယာဖွယ်သည် အဘယ်နည်း၊ အပြစ်သည် အဘယ်နည်း၊ ထွက်မြောက်ကြောင်းသည် အဘယ်နည်း”ဟု (အကြံ ဖြစ်၏)။

ရဟန်းတို့ ငါ့အား ဤအကြံသည် ဖြစ်ပြန်၏— “ပထဝီဓာတ်ကို စွဲ၍ ဖြစ်သော ချမ်းသာမှုနှင့် ဝမ်း မြောက်မှုသည် ပထဝီဓာတ်၏ သာယာဖွယ်တည်း၊ ပထဝီဓာတ်၏ အမြဲမရှိခြင်း ဆင်းရဲခြင်း ဖေါက်ပြန် တတ်သော သဘောရှိခြင်းသည်ကား ပထဝီဓာတ်၏ အပြစ်တည်း၊ ပထဝီဓာတ်၌ တပ်မက်မှု ‘ဆန္ဒရာဂ’ကို ပယ်ဖျောက်ခြင်းသည် ပထဝီဓာတ်၏ ထွက်မြောက်ကြောင်းတည်း။ အာပေါဓာတ်ကို စွဲ၍။ပ။ တေဇောဓာတ် ကို စွဲ၍။ပ။ ဝါယောဓာတ်ကို စွဲ၍ ဖြစ်သော ချမ်းသာမှုနှင့် ဝမ်းမြောက်မှုသည် ဝါယောဓာတ်၏ သာယာ ဖွယ်တည်း၊ ဝါယောဓာတ်၏ အမြဲမရှိခြင်း ဆင်းရဲခြင်း ဖေါက်ပြန်တတ်သော သဘောရှိခြင်းသည်ကား ဝါယောဓာတ်၏ အပြစ်တည်း၊ ဝါယောဓာတ်၌ တပ်မက်မှု ‘ဆန္ဒရာဂ’ကို ပယ်ဖျောက်ခြင်းသည် ဝါယောဓာတ်၏ ထွက်မြောက်ကြောင်းတည်း။

ရဟန်းတို့ ဓာတ်လေးပါးတို့၏ ဤသို့သော သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့်ဟုတ်မှန်သောအတိုင်း မသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ငါ ဝန်မခံသေး။

ရဟန်းတို့ ဓာတ်လေးပါးတို့၏ ဤသို့သော သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့် ဟုတ်မှန်သောအတိုင်း သိသော အခါ၌ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ငါ ဝန်ခံ၏၊ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီ၊ ငါ၏ (ကိလေသာ)တို့မှ လွတ်သော စိတ်သည် မပျက် စီးပြီ၊ ဤကိုယ်၏ အဖြစ်သည် အဆုံးစွန်သော ကိုယ်၏ အဖြစ်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေနေဖွယ် မရှိတော့ပြီ”ဟု ထိုငါ့အား အကြံ ဖြစ်၏။

ဒုတိယသုတ်။