သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၃—အစရိံသုတ်

၁၁၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ငါသည် ပထဝီဓာတ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ပထဝီဓာတ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ ပထဝီဓာတ်၏ သာယာဖွယ်ဟူသမျှ ကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ပထဝီဓာတ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည် ခဲ့ပြီ၊ ပထဝီဓာတ်၏ အပြစ်ကို သိခဲ့ပြီ၊ ပထဝီဓာတ်၏ အပြစ်ဟူသမျှကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ပထဝီဓာတ်၏ ထွက်မြောက်ကြောင်းကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ပထဝီဓာတ်၏ ထွက်မြောက်ကြောင်းကို သိခဲ့ပြီ၊ ပထဝီဓာတ်၏ ထွက်မြောက်ကြောင်းဟူသမျှကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ ပြီ။

ရဟန်းတို့ ငါသည် အာပေါဓာတ်၏။ပ။ ရဟန်းတို့ ငါသည် တေဇောဓာတ်၏။ ရဟန်းတို့ ငါသည် ဝါယောဓာတ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ဝါယောဓာတ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ ဝါယောဓာတ်၏ သာယာဖွယ်ဟူသမျှကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝါယောဓာတ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ဝါယောဓာတ်၏ အပြစ်ကို သိခဲ့ပြီ၊ ဝါယောဓာတ်၏ အပြစ်ဟူသမျှကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝါယောဓာတ်၏ ထွက်မြောက်ကြောင်းကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ဝါယောဓာတ်၏ ထွက်မြောက်ကြောင်းကို သိခဲ့ပြီ၊ ဝါယောဓာတ်၏ ထွက်မြောက်ကြောင်း ဟူသမျှကို ပညာဖြင့် ကောင်းစွာ မြင်ခဲ့ပြီ။

ရဟန်းတို့ ငါသည် ဤဓာတ်လေးပါးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့်ဟုတ်မှန်သောအတိုင်း မသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ငါ ဝန်မခံသေး။

ရဟန်းတို့ ဤဓာတ်လေးပါးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့်ဟုတ်မှန်သောအတိုင်း သိသော အခါ၌ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ငါ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီ၊ ငါ၏ (ကိလေသာ)တို့မှ လွတ်သော စိတ်သည် မပျက် စီးတော့ပြီ၊ ဤကိုယ်၏ အဖြစ်သည် အဆုံးစွန်သော ကိုယ်၏ အဖြစ်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေနေဖွယ် မရှိတော့ပြီဟု (ဟောတော်မူ၏)။

တတိယသုတ်။