သံယုတ္တနိကာယ်—၁၄
၄—စတုတ္ထဝဂ်
၄—နောစေဒံသုတ်
၁၁၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ပထဝီဓာတ်၏ သာယာဖွယ်သည် မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤပထဝီဓာတ်၌ မတပ်မက်ကုန်ရာ၊ ရဟန်းတို့ ပထဝီဓာတ်၏ သာယာဖွယ် ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ပထဝီဓာတ်၌ တပ်မက်ကုန်၏။ ရဟန်းတို့ ပထဝီဓာတ်၏ အပြစ် သည် အကယ်၍ မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤပထဝီဓာတ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ပထဝီဓာတ်၌ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ပထဝီဓာတ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ ပထဝီဓာတ်၏ ထွက်မြောက်ကြောင်း မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤပထဝီဓာတ်မှ မထွက်မြောက်ကုန်၊ ရဟန်းတို့ ပထဝီ ဓာတ်၏ ထွက်မြောက်ကြောင်း ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ပထဝီဓာတ်မှ ထွက်မြောက်ကုန်၏။
ရဟန်းတို့ အာပေါဓာတ်၏ သာယာဖွယ်သည် မဖြစ်ခဲ့မူ။ ရဟန်းတို့ တေဇောဓာတ်၏ သာယာဖွယ် သည် မဖြစ်ခဲ့မူ။ ရဟန်းတို့ ဝါယောဓာတ်၏ သာယာဖွယ်သည် မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဝါယောဓာတ်၌ မတပ်မက်ကုန်ရာ၊ ရဟန်းတို့ ဝါယောဓာတ်၌ သာယာဖွယ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည့်ဝါယော ဓာတ်၌ တပ်မက်ကုန်၏။ ရဟန်းတို့ ဝါယောဓာတ်၏ အပြစ်သည် မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဝါယောဓာတ် ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ဝါယောဓာတ်၌ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ဤဝါယော ဓာတ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ ဝါယောဓာတ်၏ ထွက်မြောက်ကြောင်းသည် မဖြစ်ခဲ့မူ သတ္တဝါတို့သည် ဤဝါယောဓာတ်မှ မထွက်မြောက်ကုန်ရာ၊ ရဟန်းတို့ ဝါယောဓာတ်၏ ထွက်မြောက်ကြောင်း ရှိသောကြောင့် သာလျှင် သတ္တဝါတို့သည် ဝါယောဓာတ်မှ ထွက်မြောက်ကုန်၏။
ရဟန်းတို့ ဤသတ္တဝါတို့သည် ဤဓာတ်လေးပါးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့်ဟုတ်မှန်သော အတိုင်း မသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောကမှ ထွက်မြောက်ကုန် မယှဉ်ကုန် ကင်းလွတ်ကုန် သည် ဖြစ်၍ အပိုင်းအခြားကို မလွန်သော စိတ်ဖြင့် မနေရကုန်။
ရဟန်းတို့ သတ္တဝါတို့သည် ဤဓာတ်လေးပါးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ကြောင်းကိုလည်း ထွက်မြောက်ကြောင်းအားဖြင့်ဟုတ်မှန်သော အတိုင်း သိကြကုန်သော အခါ၌ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောကမှ ထွက်မြောက်ကုန် မယှဉ်ကုန် ကင်းလွတ်ကုန် သည် ဖြစ်၍ အပိုင်းအခြားကို လွန်သော စိတ်ဖြင့် နေရကုန်၏ဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။