သံယုတ္တနိကာယ်—၃၅
(၈) ၃—ဂိလာနဝဂ်
၆—ပဌမ အဝိဇ္ဇာပဟာနသုတ်
၇၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား—“အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု’အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားကား ရှိပါသလော”ဟု ဤစကားကို လျှောက်၏။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု’အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။
အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်ပါနည်း။ ရဟန်းအကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု’အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။
အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်ပါသနည်း။ ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု’အဝိဇ္ဇာ’ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကို မမြဲဟူ၍ သိသူမြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။ပ။
စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။
သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း မမြဲဟူ၍ သိသူ မြင်သူ ရဟန်းအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏။
ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။