သံယုတ္တနိကာယ်—၃၅
(၈) ၃—ဂိလာနဝဂ်
၇—ဒုတိယ အဝိဇ္ဇာပဟာနသုတ်
၈ဝ။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏—“အသျှင်ဘုရား အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် ရှိပါသလော”။ ရဟန်း အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု’အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် ရှိ၏။
အသျှင်ဘုရား အကြင်တရားကို ပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သော တစ်ခုသော တရားဟူသည် အဘယ်နည်း။ ရဟန်း အကြင်တရားကိုပယ်ခြင်းကြောင့် ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏၊ ထိုပယ်အပ်သောတစ်ခုသော တရားဟူသည် မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။
အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်ပါသနည်း။
ရဟန်း ဤသာသနာတော်၌ ရဟန်းအား “တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့် “ဟုကြားဖူး၏။ ရဟန်း ရဟန်းအား “တရားအားလုံးတို့သည် အမှားနှလုံးသွင်းရန် မသင့်”ဟူသော ဤစကားကို ကြားဖူးခဲ့မူ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိသော်တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြား၍ သိသော် နိမိတ်အားလုံးတို့ကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ မျက်စိကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏၊ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာဝေဒနာကို တစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ပ။ စိတ်ကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုတစ်ပါးသော (အနတ္တ) အားဖြင့် မြင်၏။
ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ သိမှု’ဝိဇ္ဇာ’ ဖြစ်ပေါ်လာနိုင်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။