သံယုတ္တနိကာယ်—၃၇

၃—ဗလဝဂ်

၅—အင်္ဂသုတ်

၃ဝ၈။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းအား၊ စည်းစိမ်ဥစ္စာအား၊ ဆွေမျိုးအား၊ သားသမီးအား၊ သီလအားတို့တည်း။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ စည်းစိမ်ဥစ္စာအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (စည်းစိမ်ဥစ္စာ အားဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း ပြည့်စုံသော အခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (နှစ်ပါး) နှင့် ပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ ဆွေမျိုးအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (ဆွေမျိုးအားတည်းဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း၊ ဆွေ့မျိုးအားနှင့်လည်းကောင်း ပြည့်စုံသော အခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (သုံးပါး) နှင့် ပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သားသမီးအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (သားသမီးအားဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း၊ သားသမီးအားနှင့်လည်းကောင်း ပြည့်စုံသော အခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (လေးပါး) နှင့် ပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း၊ သားသမီးအားနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သီလအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (သီလအားဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း၊ သားသမီးအားနှင့်လည်းကောင်း၊ သီလအားနှင့်လည်းကောင်း ပြည့်စုံသော အခါထိုမာတုဂါမသည် ထိုအင်္ဂါ (ငါးပါး) နှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးပါးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။