သံယုတ္တနိကာယ်—၃၇
၃—ဗလဝဂ်
၆—နာသေန္တိသုတ်
၃ဝ၉။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းအား၊ စည်းစိမ်အား၊ ဆွေမျိုးအား၊ သားသမီးအား၊ သီလအားတို့တည်း။
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ သီလအားနှင့်ကား မပြည့်စုံ၊ ထိုမာတုဂါမကို ဖျက်ဆီးနှင်ထုတ်ကုန်သည်သာတည်း၊ အိမ်၌ မနေစေကုန်။ ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်အားနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်၏။ သီလအားနှင့်ကား မပြည့်စုံ၊ ထိုမာတုဂါမကို ဖျက်ဆီးနှင်ထုတ်ကုန်သည်သာတည်း၊ အိမ်၌ မနေစေကုန်။ ရဟန်းတို့ မာတုဂါမသည်အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်အားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း ပြည့်စုံသူဖြစ်၏၊ သီလအားနှင့်ကား မပြည့်စုံ၊ ထိုမာတုဂါမကို ဖျက်ဆီးနှင်ထုတ်ကုန်သည်သာတည်း။ အိမ်၌ မနေစေကုန်။ ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်လည်းကောင်း၊ စည်းစိမ်အားနှင့်လည်းကောင်း၊ ဆွေမျိုးအားနှင့်လည်းကောင်း၊ သားသမီးအားနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သီလအားနှင့်ကားမပြည့်စုံ။ ထိုမာတုဂါမကို ဖျက်ဆီးနှင်ထုတ်ကုန်သည်သာတည်း၊ အိမ်၌ မနေစေကုန်။
ရဟန်းတို့ မာတုဂါမသည် သီလအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ အဆင်းအားနှင့်ကား မပြည့်စုံ။ ထိုမာတုဂါမကို အိမ်၌ နေစေကုန်သည်သာတည်း၊ မဖျက်ဆီး မနှင်ထုတ်ကုန်။ ရဟန်းတို့ မာတုဂါမသည်သီလအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ စည်းစိမ်အားနှင့်ကား မပြည့်စုံ။ ထိုမာတုဂါမကို အိမ်၌ နေစေကုန်သည်သာတည်း၊ မဖျက်ဆီး မနှင်ထုတ်ကုန်။ ရဟန်းတို့ မာတုဂါမသည် သီလအားနှင့်ကား ပြည်စုံသူ ဖြစ်၏၊ ဆွေမျိုးအားနှင့်ကား မပြည့်စုံ။ ထိုမာတုဂါမကို အိမ်၌ နေစေကုန်သည်သာတည်း၊ မဖျက်ဆီး မနှင်ထုတ်ကုန်။ ရဟန်းတို့ မာတုဂါမသည် သီလအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ သားသမီးအားနှင့်ကားမပြည့်စုံ။ ထိုမာတုဂါမကို အိမ်၌ နေစေကုန်သည်သာတည်း၊ မဖျက်ဆီး မနှင်ထုတ်ကုန်။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။