သံယုတ္တနိကာယ်—၄၅

၅—အညတိတ္ထိယပေယျာလဝဂ်

၁—ရာဂဝိရာဂသုတ်

၄၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟု သင်တို့ကိုမေးမြန်းကုန်မူ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သောထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းအကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။

ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းအကျိုးငှါ လမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါသလော”ဟု သင်တို့ကို မေးမြန်းကြကုန်မူ ရဟန်းတို့ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်ရှိသည်သာတည်း၊ အကျင့်ရှိသည်သာတည်း”ဟု ဖြေဆိုကြကုန်ရာ၏။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။

မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤဆိုခဲ့ပြီးသောအရိယမဂ်တရားသည်စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်ဖြစ်၏၊ အကျင့်ဖြစ်၏။ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤဆိုခဲ့သည့်အတိုင်း ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။