သံယုတ္တနိကာယ်—၅၄
၁—ဧကဓမ္မဝဂ်
၈—ပဒီပေါပမသုတ်
၉၈၄။ ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ ရဟန်းတို့ အာနာပါဿတိနှင့် ယှဉ်သော သမာဓိကိုအဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင်ထွက် သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည် ထွက်သက်လေကိုထုတ် လျှင်လည်း “ရှည်ရှည် ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည် ဝင်သက်လေကိုရှူလျှင်လည်း “ရှည်ရှည် ဝင်သက်လေကို ရှူ၏”ဟု သိ၏။ပ။ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ထွက်သက်လေ ကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုဤသို့ ပွါးများအပ် ကြိမ် ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။
ရဟန်းတို့ ငါသည် ဘုရားမဖြစ်မီ ရှေးအခါက သစ္စာလေးပါးကို မသိသေးသော ဘုရားလောင်း ဖြစ်စဉ်ဤနေခြင်းမျိုးဖြင့် အနေများခဲ့၏။ ရဟန်းတို့ ဤနေခြင်းမျိုးဖြင့် အနေများခဲ့သော ငါ့အား ကိုယ် သည်မပင်ပန်း၊ မျက်စိတို့သည် မပင်ပန်းကုန်၊ ငါ၏ စိတ်သည်လည်း မစွဲလမ်းမူ၍ အာသဝတို့မှ လွတ်မြောက်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “ငါ၏ ကိုယ်သည် မပင်ပန်းရာ၊ မျက်စိတို့သည် မပင်ပန်းကုန်ရာ၊ ငါ၏ စိတ်သည်လည်း မစွဲလမ်းမူ၍ အာသဝတို့မှ လွတ်မြောက်ရာ၏”ဟုအလိုရှိခဲ့မူ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “ငါသည် အိမ်၌ နေသူ လူတို့၏ကာမဂုဏ်ကို မှီသော အောက်မေ့မှု ကြံစည်မှုတို့ကို ပယ်ကုန်ရာ၏”ဟုလည်း အလိုရှိခဲ့မူ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌စက်ဆုပ်ဖွယ် အမှတ်ရှိသည် ဖြစ်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သောသမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သောသမာဓိ ကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည် ဖြစ်၍နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာနှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာနှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်မျိုးစုံကို ကြဉ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက် မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ အညီအမျှ ရှုလျက် နေလို၏”ဟုလည်း အလိုရှိခဲ့မူဤအာနာပါနဿတိနှင့် ယှဉ် သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “ကာမတို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့်တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသောပဌမဈာန်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာကောင်းစွာ နှလုံးသွင်း အပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “ဝိတက်, ဝိစာရတို့ ငြိမ်းခြင်းကြောင့်မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့်ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “နှစ်သိမ့်မှု ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေလို၏၊ သတိ ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ ချမ်းသာ ‘သုခ’ကိုလည်းကိုယ်ဖြင့် ခံစားလို၏။ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို ‘လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ’ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေလို၏”ဟုလည်းအလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ့ဆင်း ရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသောစတုတ္ထဈာန် သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သောသမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှု ‘ပဋိဃသညာ’ တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော မှတ်သားမှု ‘နာနတ္တသညာ’ တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံး မရှိ’ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “အလုံးစုံသောအာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံး မရှိ’ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့်ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “အလုံးစုံသော ဝိညာဏဉ္စာယတနဈာန် ကိုလွန်မြောက်၍ ‘တစ်စုံတစ်ရာမျှ မရှိ’ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “အလုံးစုံသောအာကိဉ္စညာယတနဈာန် ကိုလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ ထို့ကြောင့်ပင် ဤသာသနာတော်၌ ရဟန်းသည် “အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေလို၏”ဟုလည်း အလိုရှိခဲ့မူ ဤအာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ဤသို့ ပွါးများအပ်သည်ရှိသော် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် သုခဝေဒနာကို ခံစားသည် ဖြစ်ခဲ့မူ ထိုသုခဝေဒနာသည် “မမြဲ”ဟု သိ၏၊ “လွှမ်းမိုး၍ မတည်နိုင်”ဟု သိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။ ဒုက္ခဝေဒနာကို ခံစားသည် ဖြစ်ခဲ့မူ ထိုဒုက္ခဝေဒနာသည် “မမြဲ”ဟု သိ၏၊ “လွှမ်းမိုး၍ မတည်နိုင်”ဟု သိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။ ဥပေက္ခာဝေဒနာကို ခံစားသည် ဖြစ်ခဲ့မူ ထိုဥပေက္ခာဝေဒနာသည် “မမြဲ”ဟု သိ၏၊ “လွှမ်းမိုး၍ မတည်နိုင်”ဟုသိ၏၊ “မနှစ်သက်အပ်”ဟု သိ၏။
သုခဝေဒနာကို ခံစားသည် ဖြစ်ခဲ့မူ မယှဉ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏၊ ဒုက္ခဝေဒနာကိုခံစားသည် ဖြစ်ခဲ့မူ မယှဉ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏၊ ဥပေက္ခာဝေဒနာကို ခံစားသည် ဖြစ်ခဲ့မူမယှဉ်သည် ဖြစ်၍ ထိုဝေဒနာကို ခံစား၏။ ထိုသူသည် ကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “ကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ အသက်အပိုင်းအခြားရှိသော ဝေဒနာကိုခံစားသည်ရှိသော် “အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ ခန္ဓာကိုယ်ပျက်စီးသည်မှအထက်ဖြစ်သော နောက်ကာလ၌ အသက်ဆုံးသည်တိုင်အောင် “ဤဘဝ၌ပင် အလုံးစုံသော ခံစားခြင်းတို့ကို မနှစ်သက်အပ်ကုန်သည် ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့”ဟု သိ၏။
ရဟန်းတို့ ဥပမာသော်ကား ဆီကို စွဲ၍လည်းကောင်း၊ မီးစာကို စွဲ၍လည်းကောင်း ဆီမီးသည်တောက်လောင်ရာ၏။ ထိုဆီကုန်ခြင်းကြောင့်လည်းကောင်း၊ မီးစာကုန်ခြင်းကြောင့်လည်းကောင်း မီးစာမရှိသည် ဖြစ်၍ ငြိမ်းရာ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကိုယ်အပိုင်းအခြားရှိသော ဝေဒနာကိုခံစား သည်ရှိသော် “ကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏၊ အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ရှိသော် “အသက်အပိုင်းအခြားရှိသော ဝေဒနာကိုခံစား၏”ဟု သိ၏၊ ခန္ဓာကိုယ် ပျက်စီးသည်မှ အထက်ဖြစ်သော နောက်ကာလ၌အသက်ဆုံးသည်တိုင်အောင် “ဤဘဝ၌ပင်လျှင် အလုံးစုံ သော ခံစားခြင်းတို့ကို မနှစ်သက်အပ်ကုန်သည်ဖြစ်၍ ငြိမ်းအေးကုန်လတ္တံ့”ဟု သိ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။