သံယုတ္တနိကာယ်—၅၆
၁၁—ပဉ္စ ဂတိပေယျာလဝဂ်
၃ဝ—ပေတ္တိဒေဝပေတ္တိဝိသယသုတ်
၁၂ဝ၁။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည့်နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာပို၍ များကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ— ရဟန်းတို့ အရိယသစ္စာတရားလေးပါးတို့ကို မမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်း —
ဆင်းရဲဟူသောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲဖြစ်ပေါ်ကြောင်းဟူသောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဟူသောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟူသောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုသိရန် အားထုတ်ရမည်။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည်မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
တိံသမသုတ်
တစ်ဆယ့်တစ်ခုမြောက် ပဉ္စဂတိပေယျာလဝဂ် ပြီး၏။
တစ်ဆယ့်နှစ်ခုမြောက် သစ္စသံယုတ် ပြီး၏။
မဟာဝဂ္ဂသံယုတ် ပြီး၏။