သုတ္တနိပါတ်ပါဠိတော်

၁ဝ-ကောကာလိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် ယုတ်ညံ့သော အလိုရှိကုန်၏။ ယုတ်ညံ့သော အလိုတို့၏နိုင်ငံသို့ လိုက်ကြကုန်၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား ''ကောကာလိက ဤသို့ မဆို လင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကြကုန်၏''ဟု မိန့်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား ''အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံကြည်ထိုက်သူ စိတ်ချထိုက်သူ ဖြစ်ပါ၏။ သို့သော်လည်း သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် ယုတ်ညံ့သော အလိုရှိကုန်၏။ ယုတ်ညံ့သော အလိုတို့၏နိုင်ငံသို့ လိုက်ကြကုန်၏''ဟု လျှောက်၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကောကာလိကရဟန်းအား ''ကောကာလိက ဤသို့ မဆိုလင့်၊ ကောကာလိက ဤသို့ မဆိုလင့်၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ စိတ်ကို ကြည်လင်စေလော့၊ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကြကုန်၏''ဟု မိန့်တော်မူ၏။

ထို့နောက် ကောကာလိကရဟန်းသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ဖဲသွား၏။ ဖဲသွား၍ မကြာသေးသော ကောကာလိကရဟန်းအား မုန်ညင်းစေ့ခန့်ရှိကုန်သော အဖုအပိန့်တို့ဖြင့် တစ်ကိုယ်လုံး ပျံ့နှံ့၍ ဖြစ်၏။ မုန်ညင်းစေ့ခန့်လောက်မှ ပဲနောက်စေ့ခန့်လောက် ပဲနောက်စေ့ခန့်လောက်မှ စားတော်ပဲခန့်လောက် ဖြစ်ကုန်၏။ စားတော်ပဲခန့်လောက်မှ ဆီးစေ့ခန့်လောက် ဆီးစေ့ခန့်လောက်မှ ဆီးသီးခန့်လောက် ဆီးသီးခန့်လောက်မှ သျှိသျှားသီးလုံးခန့်လောက် သျှိသျှားသီးလုံးခန့်လောက်မှ ဥသျှစ်သီးနုခန့်လောက် ဥသျှစ်သီးနုခန့်လောက်မှ ဥသျှစ်သီးမှည့်ခန့်လောက် ဥသျှစ်သီးမှည့်ခန့့်လောက် ဖြစ်ပြီး၍ ပေါက်ကွဲကုန်၏။ ပြည် သည်လည်းကောင်း၊ သွေးသည်လည်းကောင်း ယိုစီးကုန်၏။ ထို့နောက် ကောကာလိကရဟန်းသည် ထိုအနာဖြင့်သာလျှင် သေလေ၏။ သေသော ကောကာလိကရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသောနေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား ကောကာလိကရဟန်းသည် ကွယ်လွန်ပါပြီ၊ အသျှင်ဘုရား ကွယ်လွန်သော ကောကာလိက ရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏''ဟု လျှောက်၏။ သဟမ္ပတိ ဗြဟ္မာသည် ဤစကားကို လျှောက်ပြီး၍ မြတ်စွာဘုရားကို အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ကွယ်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့အား ''ရဟန်းတို့ ဤညဉ့်၌ သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအချိန်၌။ပ။ ရဟန်းတို့ သဟမ္ပတိဗြဟ္မာသည်ဤစကားကို လျှောက်ပြီး၍ ငါဘုရားကို အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ကွယ်လေ၏''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ပဒုမငရဲ၌ အသက်ပမာဏသည် အဘယ်မျှ ရှည်ပါသနည်း''ဟု (လျှောက်၏)၊ ရဟန်း ပဒုမငရဲ၌ အသက်ပမာဏကား ရှည်သည်သာတည်း၊ ထိုပဒုမငရဲ၏ အသက်ပမာဏကို ''ဤမျှလောက်သော နှစ်တို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက်သော နှစ်အရာတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက်သော နှစ်အထောင်တို့''ဟူ၍လည်းကောင်း ''ဤမျှလောက်သော နှစ်အသိန်းတို့''ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကူဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား ဥပမာပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်၏။ ''ရဟန်း တတ်ကောင်း၏''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏-

ရဟန်း ကောသလတိုင်း၌ ဖြစ်သောတို့နှစ်ဆယ်ဝင် နှမ်းလှည်းသည် ဖြစ်၏။ ထိုနှမ်းလှည်းမှယောကျာ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာထက်လွန်သဖြင့် တစ်စေ့တစ်စေ့သော နှမ်းကို ထုတ်ပစ်ရာ၏။ ရဟန်း ကောသလတိုင်း၌ ဖြစ်သောတို့နှစ်ဆယ်ဝင် ထိုနှမ်းလှည်းသည် လုံ့လဖြင့် လျင်မြန်စွာသာလျှင် ကုန်ခန်းခြင်းသို့ ရောက်ရာ၏။ တစ်ခုသော အဗ္ဗုဒငရဲသည်ကုန်ခြင်းသို့ မရောက်ရာ၊ ရဟန်း အဗ္ဗုဒငရဲနှစ်ဆယ်သည် နိရဗ္ဗုဒငရဲတစ်ခု ဖြစ်၏။ ရဟန်း နိရဗ္ဗုဒငရဲနှစ်ဆယ်သည် အဗဗငရဲတစ်ခု ဖြစ်၏။ ရဟန်း အဗဗငရဲနှစ်ဆယ်သည် အဟဟငရဲတစ်ခု ဖြစ်၏။ ရဟန်း အဟဟငရဲနှစ်ဆယ်သည်အဋဋငရဲတစ်ခု ဖြစ်၏။ ရဟန်း အဋဋငရဲနှစ်ဆယ်သည် ကုမုဒငရဲတစ်ခု ဖြစ်၏။ ရဟန်းကုမုဒငရဲနှစ်ဆယ်သည်သော ဂန္ဓိကငရဲတစ်ခု ဖြစ်၏။ ရဟန်းသော ဂန္ဓိက ငရဲနှစ်ဆယ်သည်ဥပ္ပလငရဲတစ်ခု ဖြစ်၏။ ရဟန်း ဥပ္ပလငရဲဲနှစ်ဆယ်သည် ပုဏ္ဍရိကငရဲတစ်ခု ဖြစ်၏။ ရဟန်းပုဏ္ဍရိကငရဲနှစ်ဆယ်သည် ပဒုမငရဲတစ်ခု ဖြစ်၏။ ရဟန်း ကောကာလိကရဟန်းသည်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့၌ ရန်ငြိုးဖွဲ့သောကြောင့် ပဒုမငရဲ၌ ဖြစ်၏ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ထို့နောက် ဤဂါထာကို ဟောတော်မူ၏-

၆၆၃။ မွေးဖွားလာသော ယောကျာ်း၏ ခံတွင်း၌ ဓားမနှင့်တူသော စကားသည် ဖြစ်၏။ မကောင်းသဖြင့်ဆိုအပ်သော စကားကို ပြောဆိုသောသူမိုက်သည် ယင်း စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ (၁)

၆၆၄။ အကြင်သူမိုက်သည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏။ ချီးမွမ်းထိုက်သူကို မူကား ကဲ့ရဲ့၏။ ထိုသူမိုက်သည် ခံတွင်းဖြင့် အပြစ်ကို ဆည်းပူး၏။ ထိုသူမိုက်သည် ထိုအပြစ်ကြောင့် ချမ်းသာကို မရ။

(၂)

၆၆၅။ လောင်းတန်းကစားရာတို့၌အားလုံးသော စည်းစိမ် မိမိကိုယ်နှင့်တကွ ဥစ္စာဆုံးရှုံးခြင်းဟူသော အပြစ်သည် အနည်းငယ်သော အပြစ်မျှသာတည်း၊ အကြင်သူသည် ကောင်းသော နိဗ္ဗာန်သို့ ကြွသွားကုန်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၌ စိတ်ပြစ်မှား၏။ ထိုသူ၏ ဤပြစ်မှားသော အပြစ်သည်သာလျှင် (ဆိုခဲ့ပြီးသော အပြစ်ထက်) ကြီးလှစွာသော အပြစ်မည်၏။ (၃)

၆၆၆။ ယုတ်ညံ့သော စကားကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဆောက် တည်၍ အရိယာကို ကဲ့ရဲ့သောသူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်ခုသော နိရဗ္ဗုဒတို့နှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲ၌ ဖြစ်ရ၏။ (၄)

၆၆၇။ မဟုတ်မမှန် ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ ထိုသူ နှစ်ယောက်တို့သည်လည်း ယုတ်သော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ (ငရဲခံခြင်း) တူကုန်၏။ (၅)

၆၆၈။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာပုဂ္ဂိုလ်အားပြစ်မှား၏။ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူမှုန်သည် ထိုပစ်လွှင့်သူသို့သာပြန်ကျလာဘိသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှု ပြန်ကျလာ၏။ (၆)

၆၆၉။ အကြင်သူသည် အဖန်ဖန် အထပ်ထပ် မပြတ်ဖြစ်သော လောဘ၌ အမြဲအားထုတ်သူ (ဘုရားစသည်တို့၌) မယုံကြည်သူ စဉ်းလဲ ကောက်ကျစ်တတ်သူ (ဘုရားစသည်တို့၏) အဆုံးအမကို မနာယူသူ ဝန်တိုတတ်သူ ချောပစ်ကုန်းတိုက်မှု၌အားထုတ်သူဖြစ်၏။ ထိုသူသည် သူတစ်ပါးတို့ကို နှုတ်ဖြင့် ဆဲရေး၏။ (၇)

၆၇ဝ။ နှုတ်မငြိမ်သူ အမှန်ကင်းသူ သူတော်မဟုတ်သူ ကြီးပွါးမှုကို ဖျက်ဆီး တတ်သူ ယုတ်မာသူမကောင်းပြုလေ့ရှိသူ ကျက်သရေမဲ့သူ မြတ်စွာဘုရား၏ အဝဇာတသားဖြစ်သူ (ဟယ်) ယောကျာ်းယုတ်သင်သည် စကားများစွာ မပြောဆို လင့်၊ သင်သည် ငရဲသို့ ကျမည့်သူဖြစ်၏။ (၈)

၆၇၁။ ကောကာလိက သင်သည် အစီးအပွါးမဲ့ရန်အတွက် ကိလေသာမြူကို (မိမိ အပေါ်၌) ဖြန့်ကြဲဘိ၏။ ကြမ်းတမ်းသော အမှုကို ပြုလျက် သူတော်ကောင်းတို့ကို ကဲ့ရဲ့ဘိ၏။ များစွာသော မကောင်းမှု ဒုစရိုက်တို့ကို ပြုကျင့်၍ ကာလရှည်စွာ ငရဲတည်းဟူသော ချောက်သို့ ရောက်ရမည်သာတည်း။ (၉)

၆၇၂။ တစ်စုံတစ်ယောက်သောသူ၏ ပြုလုပ်ပြီးကံသည် မပျောက်ပျက်နိုင်သည်သာတည်း၊ ဆည်းပူးအပ်သော ကံသည် ဆည်းပူးသူတံသို့ ရောက်လာ၏။ ဆည်းပူးသူ ကံရှင်သည် ဆည်းပူးအပ်သော ကံကို ရသည်သာတည်း၊ ကြမ်းတမ်းသော အမှုကို ပြုလေ့ရှိသော ပညာနုံ့သူသည် တမလွန်လောကဝယ် မိမိကိုယ်၌ပင် ဆင်းရဲတွေ့မြင်ရ၏။ (၁ဝ)

၆၇၃။ ထိုသူသည် သံစူး သံငြောင့် အပြည့်နှက်ထားရာ အရပ်သို့လည်းကောင်း၊ အသွားထက်သော သံတံကျင်သို့လည်းကောင်း မိမိပြုသော ကံအားလျော်စွာ ဖြစ်သည့် ခြစ်ခြစ်ပူသော သံတွေခဲလျှင်အစာရှိသော ငရဲသို့လည်းကောင်း ကပ်ရောက်ရ၏။ (၁၁)

၆၇၄။ ဖမ်းကြကုန် ပုတ်ခတ်ကြကုန်ဟု ဆိုသော ငရဲထိန်းတို့သည်သာယာသော စကားကို မပြောဆိုကြကုန်၊ မျက်နှာချိုသာ ကပ်ရောက်လာကြသည် မဟုတ်ကုန်၊ စောင့်ရှောက်လို၍ကပ်ရောက်လာကြသည် မဟုတ်ကုန်၊ ငရဲသူသတ္တဝါတို့သည် မီးကျီးအခင်း၌ အိပ်ကြရကုန်၏။ ထက်ဝန်းကျင် ပြောင်ပြောင်တောက်လောင်သော မီးထဲသို့ ဝင်ကြရကုန်၏။ (၁၂)

၆၇၅။ သံကွန်ရက်ဖြင့်လည်း ရစ်ဖွဲ့ကုန်သည်ဖြစ်၍ ထိုသံကွန်ရက်အတွင်း၌ သံတူတို့ဖြင့်နှိပ်စက်သတ်ဖြတ်ကုန်၏။ ကန်းသည်ကို ပြုတတ်သည့် အမိုက်မှောင် ထူထပ်သော ဓူမရောရုဝငရဲသို့ ့ရောက်ကြကုန်၏။ ထိုအမိုက်မှောင်သည် မြေကြီးကဲ့သို့ ပြန့်ကျယ်၏။ (၁၃)

၆၇၆။ ထိုမှတစ်ပါး ငရဲသူတို့သည် မီးလျှံတို့ဖြင့် ထက်ဝန်းကျင် ပြောင်ပြောင် တောက်သော လောဟကုမ႓ီငရဲအိုးသို့ ဝင်ကြရကုန်၏။ မီးနှင့် အညီအမျှ ဖြစ်ကုန်သော ထိုသံအိုးတို့၌ ကာလရှည်ကြာစွာ အဖန်ဖန် ပေါ်ကုန်သည်ဖြစ်၍ ကျက်ကြရကုန်သည်သာတည်း။ (၁၄)

၆၇၇။ ထို့ပြင်လည်း မကောင်းမှုပြုသူသည် ပြည် သွေးတို့နှင့်ရောသော သံအိုး၌ ကျက်ရ၏။ ထိုသံအိုး၌ အဘယ်သို့ ကျက်ရသနည်း၊ အကြင် အကြင်အရပ်သို့ သွားရောက်ရ၏။ ထိုထိုသွားရောက်ရာအရပ်၌လည်း ပြည် သွေးတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ညစ်ညူးပင်ပန်းဆင်းရဲရ၏။ (ဤသို့ ကျက်ရ၏)။ (၁၅)

၆၇၈။ မကောင်းမှုပြုသူသည် ပိုးလောက်တို့၏ နေရာဖြစ်သော ဘင်ပုပ်ရေငရဲ၌ ကျက်ရ၏။ ထိုဘင်ပုပ်ရေငရဲ၌ အဘယ်သို့ ကျက်ရသနည်း၊ အိုးကင်း ထက် အောက်ဝန်းကျင်သည်အရပ်ခပ်သိမ်းတို့၌ အညီအမျှဖြစ်သောကြောင့် ထိုဘင်ပုပ်ရေ ငရဲ၌ ဖဲသွားရန် လမ်းမရှိ၊ (ဤသို့ ကျက်ရ၏)။ (၁၆)

၆၇၉။ ထို့ပြင်လည်း ထက်မြက်သာ သန်လျက်ရွက်တောငရဲသို့ ကိုယ်အပိုင်း အပိုင်း ပြတ်ကုန်သည်ဖြစ်၍ဝင်ကြရကုန်၏။ ငရဲထိန်းတို့သည် လျှာကို သံမျှား ချိတ်ဖြင့် ဖောက်ကုန် ဖောက်ကုန်၍ဆွဲထုတ်'ကြပြီးလျှင် အမျိုးမျိုးအဖုံဖုံ နှိပ်စက် ကြကုန်၏။ (၁၇)

၆၈ဝ။ ထို့ပြင်လည်း သွားလာရန် ခဲယဉ်းလှသော သင်တုန်းဓားသွားကဲ့သို့ ထက်သော အသွားရှိသော ဝေတ္တရဏီမည်သော ကြိမ်ပိုက်ချောင်းငရဲသို့ ရောက်ကြ ရပြန်၏။ မကောင်းမှုကို ပြုကြကုန်သော လူမိုက်တို့သည် မကောင်းမှုတို့ကို ပြုကြကုန်၍ ကြိမ်ပိုက် ချောင်းငရဲ၌ ကျရောက်ကြရကုန်၏။ (၁၈)

၆၈၁။ ထိုကြိမ်ပိုက်ချောင်းငရဲ၌ ငိုကြွေးမြည်တမ်းကြသော ငရဲသူတို့ကို ရွှေသော အဆင်းပြောက်ကျားသော အဆင်းရှိသော အိမ်ခွေး မြေခွေးတို့သည် အလွန်မက် မောကုန်သည်ဖြစ်၍စားကြကုန်၏။ တောကျီးအ အပေါင်းတို့သည်လည်းကောင်း၊ စွန်ရဲတို့သည်လည်းကောင်း၊ အိမ်ကျီးတို့သည်လည်းကောင်း ထိုးဆိတ်ကြကုန်၏။ (၁၉)

၆၈၂။ ဤငရဲ၌ မကောင်းမှုပြုပြီးသော သတ္တဝါသည် အကြင်ကမ္မကရဏ အမျိုး မျိုးကို တွေ့ထိရ၏။ ဤသို့ ကမ္မကရဏအမျိုးမျိုး ဖြစ်ရခြင်းသည် အလွန်ဆင်းရဲ ပင်ပန်းလေစွတကား၊ ထို့ကြောင့် ဤလောက၌ သတ္တဝါသည် အသက်အကြွင်း ရှိနေသေးပါမူ ပြုသင့်ပြုထိုက်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၏။ မမေ့ မလျော့ရာ။ (၂ဝ)

၆၈၃။ အကြင်တို့နှစ်ဆယ်ဝင် နှမ်းလှည်းတို့ကို ပညာရှိတို့သည် ရေတွက်အပ်ကုန်၏။ ထိုနှမ်းလှည်းတို့ကို ပဒုမငရဲ၌ အရေအတွက်အားဖြင့် ဆောင်ပြအပ်ကုန်၏။မှန်၏-ကုဋေငါးသော င်းတစ်ထောင့်နှစ်ရာတို့သည် ပဒုမငရဲသက် ဖြစ်ကုန်၏။ (၂၁)

၆၈၄။ ဤလောက၌ ငရဲတို့ကို အကြင်မျှလောက် ဆင်းရဲလှကုန်၏ဟူ၍ ဆို အပ်ကုန်၏။ ထိုမျှလောက်ဆင်းရဲလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး ထိုငရဲ၌ နေရ၏။ ထို့ကြောင့် စင်ကြယ်သော သီလကို ချစ်၍ ကောင်းမြတ်သော ဂုဏ်ရှိသူ အရိယာတို့၌ နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်းအမြဲမပြတ် စောင့်ရှောက်ရာ၏။ (၂၂)

ဆယ်ခုမြောက် ကောကာလိကသုတ် ပြီး၏။