သုတ္တနိပါတ်ပါဠိတော်
ပါရာယနတ္ထုတိဂါထာ
ဤပါရာယနသုတ်ကို မြတ်စွာဘုရားသည် မဂဓတိုင်းပါသာဏကနတ်ကွန်း၌ နေတော်မူစဉ် တစ်ကျိပ်ခြောက်ယောက်သော (ဗာဝရီ၏) အလုပ်အကျွေး ပုဏ္ဏားတို့သည် တောင်းပန်အပ်သည်ဖြစ်၍ မေးတိုင်းမေးတိုင်းပင် ပြဿနာကို ဖြေကြားတော်မူ၏။ တစ်ခုတစ်ခုသော ပြဿနာ၏ အနက်တိုင်းကို သိ၍လည်းကောင်း၊ ပါဠိကို သိ၍လည်းကောင်း လောကုတ္တရာတရားနှင့် လျော်သောအကျင့်ကို အကယ်၍ ကျင့်ကြံအားထုတ်ခဲ့မူ အိုခြင်း သေခြင်း၏ ကမ်းတစ်ဖက်ဖြစ်သော (နိဗ္ဗာန်)သို့ ရောက်နိုင်ရာသည်သာတည်း၊ ဤတရားတို့သည် (နိဗ္ဗာန်တည်းဟူသော) ကမ်းတစ်ဖက်သို့ ရောက်စေတတ်ကုန်၏။ ထို့ကြောင့် ဤတရားဒေသနာ၏ အမည်သည် ပါရာယန မည်သည်သာတည်း။
၁၁၃၁-၁၁၃၃။ အဇိတ တိဿမေတ္တေယျ ပုဏ္ဏက မေတ္တဂူ ဓောတက ဥပသီဝ နန္ဒ ဟေမက တောဒေယျ ကပ္ပ ဇတုကဏ္ဏိပညာရှိ ဘဒြာဝုဓ ဥဒယ ပေါသာလပုဏ္ဏား မောဃရာဇ ပိင်္ဂိယရသေ့ကြီး ဟူကုန်သော ဗာဝရီ၏ တပည့်ပုဏ္ဏား တစ်ဆယ့်ခြောက်ယောက်တို့သည် အကျင့် 'စရဏ'နှင့်ပြည့်စုံသော ဣသိတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ကုန်၏။ သိမ်မွေ့သော ပြဿနာရပ်တို့ကို မေးလိုကုန်၍ ဘုရားမြတ်သို့ ဆည်းကပ်ကုန်၏။ (၁-၃)
၁၁၃၄။ ထိုပုဏ္ဏားတို့ မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ပြဿနာကို ဟုတ်မှန်သော အတိုင်း ဖြေကြားတော်မူ၏။ မုနိဖြစ်တော်မူသော မြတ်စွာဘုရားသည် ပြဿနာတို့ကို ဖြေကြားခြင်းဖြင့် ပုဏ္ဏားတို့ကို နှစ်သက်စေ၏။ (၄)
၁၁၃၅။ (ပညာမျက်စိ) ရှိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားက နှစ်သက်စေအပ်ကုန်သော ထိုပုဏ္ဏားတို့သည် မြတ်သောပညာ ရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ မြတ်သော မဂ်အကျင့်ကို ကျင့်သုံးကြကုန်၏။ (၅)
၁၁၃၆။ အကြင်သူသည် တစ်ခုတစ်ခုသော အမေးပြဿနာကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကျင့်ရာ၏။ ထိုသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏။ (၆)
၁၁၃၇။ မြတ်သော မဂ်ကို ပွါးများသောသူသည် သံသရာတည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ရာ၏။ ထိုမဂ်သည် နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်းသို့ သွားခြင်းငှါ ခရီးလမ်း ဖြစ်၏။ ထို့ကြောင့်ပါရာယနဟု မည်သတည်း။ (၇)