အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၃-ဣဋ္ဌဓမ္မသုတ်

၇၃။ ရဟန်းတို့ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန်သော ဤတရားဆယ်မျိုးတို့ကို ရနိုင်ခဲကုန်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—လောက၌ အလိုရှိအပ်ကုန့်နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန်သော စည်းစိမ်တို့ကို ရနိုင်ခဲကုန်၏၊ လောက၌ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သော အဆင်းလှခြင်းကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ် နှစ်သက် အပ် စိတ်နှလုံးကို ပွါးစေတတ်သော အနာကင်းခြင်းကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော သီလကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော မြတ်သော အကျင့်ကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ် နှလုံးကို ပွါးစေတတ်သော မိတ်ဆွေတို့ကို ရနိုင်ခဲကုန်၏၊ လောက၌ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံး ကို ပွါးစေတတ်သော အကြားအမြင်များခြင်းကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံး ကို ပွါးစေတတ်သော ပညာကို ရနိုင်ခဲ၏၊ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော တရားတို့ကို ရနိုင်ခဲကုန်၏၊ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံး ကို ပွါးစေတတ်ကုန်သော နတ်ပြည်တို့ကို ရနိုင်ခဲကုန်၏၊

ရဟန်းတို့ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ရနိုင်ခဲကုန်သော ဤတရားဆယ်မျိုးတို့၏ အနှောင့်အယှက်တို့သည် ဆယ်မျိုးတို့တည်း။ ပျင်းရိမှု ထကြွလုံ့လမရှိမှု သည် စည်းစိမ်ဥစ္စာတို့၏ အနှောင့်အယှက်တည်း၊ တန်ဆာမဆင်မှု အတင့်အတယ်မပြုမှုသည် အဆင်း (လှခြင်း)၏ အနှောင့်အယှက်တည်း၊ (ကျန်းမာရေးနှင့်) မသင့်လျော်သော အပြုအမူသည် အနာကင်းခြင်း၏ အနှောင့်အယှက်တည်း၊ မိတ်ဆွေယုတ်ရှိမှုသည် သီလတို့၏ အနှောင့်အယှက်တည်း၊ ဣန္ဒြေတို့၌ မစောင့်စည်းမှုသည် မြတ်သောအကျင့်၏ အနှောင့်အယှက်တည်း၊ ချွတ်ယွင်းစေမှု (လိမ်ညာပြောဆိုမှု) သည် မိတ်ဆွေတို့၏ အနှောင့်အယှက်တည်း၊ သရဇ္ဈာယ်မှုကို မပြုခြင်းသည် အကြားအမြင်များခြင်း၏ အနှောင့် အယှက်တည်း၊ မကြားနာလိုမှု မမေးမြန်းမှုသည် ပညာ၏ အနှောင့်အယှက်တည်း၊ မစိစစ်မှု မဆင်ခြင်မှု သည် တရားတို့၏ အနှောင့်အယှက်တည်း၊ အမှားကျင့်မှုသည် နတ်ပြည်တို့၏ အနှောင့်အယှက်တည်း။ ရဟန်းတို့ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ရနိုင်ခဲကုန်သော ဤတရားဆယ်မျိုးတို့၏ အနှောင့်အယှက်တို့ကား ဤဆယ်မျိုးတို့ပင်တည်း။

ရဟန်းတို့ လောက၌ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ရနိုင်ခဲကုန်သော ဤတရားဆယ်မျိုးတို့၏ အကြောင်းတရားတို့သည် ဆယ်မျိုးတို့တည်း။ ထကြွလုံ့လရှိမှု မပျင်းရိမှု သည် စည်းစိမ်ဥစ္စာတို့၏ အကြောင်းတည်း၊ တန်ဆာဆင်မှု အတင့်အတယ်ပြုမှုသည် အဆင်း (လှခြင်း)၏ အကြောင်းတည်း၊ (ကျန်းမာရေးနှင့်) သင့်လျော်သည်ကို ပြုမှုသည် အနာကင်းခြင်း၏ အကြောင်းတည်း၊ မိတ်ဆွေကောင်းရှိမှုသည် သီလတို့၏ အကြောင်းတည်း၊ ဣန္ဒြေတို့၌စောင့်စည်းမှုသည် မြတ်သော အကျင့်၏ အကြောင်းတည်း၊ မချွတ်ယွင်းစေမှု (လိမ်ညာမပြောဆိုတတ်မှု) သည် မိတ်ဆွေတို့၏ အကြောင်းတည်း၊ သရဇ္ဈာယ်မှုကို ပြုခြင်းသည် အကြားအမြင်များခြင်း၏ အကြောင်းတည်း၊ ကြားနာလိုမှု မေးမြန်းမှုသည် ပညာ၏ အကြောင်းတည်း၊ စိစစ်မှု ဆင်ခြင်မှုသည် တရားတို့၏ အကြောင်းတည်း၊ အမှန်ကျင့်မှုသည် နတ်ပြည်တို့၏ အကြောင်းတည်း။ ရဟန်းတို့ လောက၌ အလိုရှိအပ်ကုန် နှစ်သက် အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ရနိုင်ခဲကုန်သော ဤတရားဆယ်မျိုးတို့၏ အကြောင်းတို့ကား ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။