အင်္ဂုတ္တရနိကာယ်

၃-ပဉ္စင်္ဂ ိကဝဂ်

၃-ဥပက္ကိလေသသုတ်

၂၃။ ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ဤငါးမျိုးတို့တည်း။

ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော ရွှေသည် နူးညံ့လည်း မနူးညံ့၊ (လက်ကောက် နားတောင်းစသည်) ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်းရှိ၏၊ အလုပ်ခွင်သို့လည်း ကောင်းစွာ မရောက်နိုင်။

ငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

သံ၊ ကြေး၊ သလွဲစင် (ခဲမဖြူ)၊ သလွဲမည်း (ခဲပုပ်)၊ ငွေတို့တည်း။

ရဟန်းတို့ ဤသည်ကား ရွှေ၏ အညစ်အကြေးငါးမျိုးတို့တည်း၊ ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော ရွှေသည် နူးညံ့လည်း မနူးညံ့၊ (လက်ကောက် နားတောင်းစသည်) ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အလုပ်ခွင်သို့လည်း ကောင်းစွာမရောက်နိုင်။

ရဟန်းတို့ ဤအညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သောအခါ၌ မူကား ထိုရွှေသည် နူးညံ့လည်းနူးညံ့၏၊ (လက်ကောက် နားတောင်းစသည်) ပြုလုပ်၍လည်း ဖြစ်၏၊ အရောင်လည်းထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိတော့ချေ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်နိုင်၏၊ လက်စွပ်ဖြင့်ဖြစ်စေနားတောင်းဖြင့်ဖြစ်စေ လည်ရွဲတန်ဆာဖြင့်ဖြစ်စေ ရွှေပန်းခိုင်ဖြင့်ဖြစ်စေ မည်သည့်တန်ဆာ အထူးဖြင့် မဆို၊ အကယ်၍ အလိုရှိခဲ့မူ ထိုရွှေ၏ ထိုအလိုရှိရာအကျိုးကို ပြီးစေနိုင်၏။

ရဟန်းတို့ ဤအတူသာလျှင် စိတ်၏ အညစ်အကြေးတို့သည် ဤငါးမျိုးတို့တည်း။

ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသောစိတ်သည် နူးညံ့လည်း မနူးညံ့၊ ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝေါတရားတို့ကုန်ခန်းရန်လည်းကောင်းစွာ မတည်ကြည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’၊ ပျံ့လွင့်မှုနောင်တပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’၊ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ တို့တည်း။

ရဟန်းတို့ ဤသည်တို့ကား စိတ်၏ အညစ်အကြေး ငါးမျိုးတို့တည်း။

ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသောစိတ်သည် နူးညံ့လည်း မနူးညံ့၊ ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝေါတရားတို့ကုန်ခန်းရန်လည်းကောင်းစွာ မတည်ကြည်။

ရဟန်းတို့ အညစ်အကြေးငါးမျိုးတို့မှ ကင်းလွတ်သော အခါ၌ မူကား ထိုစိတ်သည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်၍လည်း ဖြစ်၏၊ အရောင်လည်း ထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိ၊ အာသဝေါတရားတို့ကုန်ခန်းရန်လည်း ကောင်းစွာ တည်ကြည်၏၊ ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့် တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ် စသည်)သို့လည်း ရောက်၏။

“(ငါသည်) များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလို၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်းအများ ဖြစ်လို၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လို၏၊ ကိုယ်ထင်ရှားဖြစ်စေ လို၏၊ ကိုယ်ပျောက်စေ လို၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ ကဲ့သို့သွားလို၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ ကဲ့သို့ ပြုလို၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ ကဲ့သို့သွားလို၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားလို၏၊ ဤသို့တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်လို၏၊ ဆုပ်ကိုင်လို၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း မိမိကိုယ်ကို (စိတ်) အလိုအတိုင်း ဖြစ်စေလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထို အလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားအကြားကို လွန်သော နတ်နားနှင့် တူသောနား ‘ဒိဗ္ဗသောတ’ ဖြင့် နတ်၌လည်း ဖြစ်ကုန် လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ဒိဗ္ဗသောတအဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍သိလို၏၊ စွဲမက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်”ဟု သိလို၏၊ စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်”ဟု သိလို၏၊ အမျက် ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသောစိတ်”ဟု သိလို ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသောစိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်”ဟု သိလို၏၊ တွေဝေခြင်း ‘မောဟ’နှင့်တကွသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ်”ဟု သိလို၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်”ဟု သိလို ၏၊ ကျုံ ့သော စိတ်ကိုလည်း “ကျုံ ့သော စိတ်”ဟု သိလို၏၊ ပျံ့လွင့်သော စိတ်ကိုလည်း “ပျံ့လွင့်သောစိတ်”ဟု သိလို၏၊ မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း “မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်”ဟု သိလို၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သောစိတ်ကိုလည်း “မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်”ဟု သိလို၏၊ သာလွန်သော တရားရှိသောစိတ်ကိုလည်း “သာလွန်သော တရားရှိသော စိတ်”ဟု သိလို၏၊ သာလွန်သော တရားမရှိသောစိတ်ကိုလည်း “သာလွန်သော တရားမရှိသော စိတ်”ဟု သိလို၏၊ တည်ကြည်သောစိတ်ကိုလည်း “တည်ကြည်သော စိတ်”ဟု သိလို၏၊ မတည်ကြည်သောစိတ်ကိုလည်း “မတည်ကြည်သော စိတ်”ဟု သိလို၏၊ လွတ် မြောက်သော စိတ်ကိုလည်း”လွတ်မြောက်သော စိတ်”ဟု သိလို၏၊ မလွတ်မြောက်သော စိတ်ကိုလည်း “မလွတ်မြောက်သောစိတ်”ဟု သိလို၏ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်း ရှိလတ်သော်ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ပရစိတ္တဝိဇာနနအဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏။ ဤသည်ကား အဘယ်နည်း — တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသောပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ‘ဤသို့သော အမည် ဤသို့သောအနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာ ဆင်းရဲခံစားခြင်း ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သောချမ်းသာ ဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ပုဗ္ဗေ နိဝါသာနုဿတိ အဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိလို၏၊ ‘အချင်းတို့ ဤ သတ္တဝါတို့သည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကားကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သောကံ ရှိကုန်၏၊ ထို (သတ္တဝါ) တို့သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကုန်၏’။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ် သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကိုသိလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်း ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်သက်သေထိုက်သည့် အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်)သို့ ရောက်၏။

“အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော (ကိလေသာတို့မှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်စိတ်’နှင့် (ကိလေသာတို့မှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေလို၏”ဟု ထိုသူသည်အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) ကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (အရဟတ္တဖလ သမာပတ်)သို့ ရောက်၏ဟု မိန့်တော်မူ၏။

တတိယသုတ်။