အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၇-ခေမသုတ်
၄၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ အသျှင်ခေမ မထေရ်နှင့် အသျှင်သုမနမထေရ်တို့သည် သာဝတ္ထိပြည် အန္ဓဝန်တော၌ နေကုန်၏။ ထိုအခါ အသျှင်ခေမ အသျှင်သုမနမထေရ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်ခေမသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
အသျှင်ဘုရား ပူဇော်အထူးကို ခံထိုက်သော အာသဝေါတရားကုန်ပြီးသော (မဂ်အကျင့်ကို) ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော ဝန်ကို ချပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော ဘဝသံယောဇဉ်ကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား”ငါ့အား သူတစ်ပါးတို့ထက် မြတ်၏ဟူသော (သေယျ) မာန်သည် ရှိ၏ဟူ၍လည်းကောင်း၊ ငါ့အားသူတစ်ပါးနှင့် တူ၏ဟူသော (သဒိသ) မာန်သည် ရှိ၏ဟူ၍လည်းကောင်း၊ ငါ့အား သူတစ်ပါးအောက်ယုတ်၏ဟူသော (ဟီန) မာန်သည် ရှိ၏ဟူ၍လည်းကောင်း” ဤသို့ မဖြစ်ပါ။
ဤစကားကို အသျှင်ခေမသည် လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။
ထိုအခါ အသျှင်ခေမမထေရ်သည် “မြတ်စွာဘုရားသည် ငါ၏ (စကားကို) နှစ်သက် လိုက်လျောတော်မူ၏”ဟု (သိ၍) နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။
ထိုအခါ အသျှင်သုမနမထေရ်သည် အသျှင်ခေမ ဖဲသွား၍ မကြာမီပင် မြတ်စွာဘုရားအား ဤစကား ကိုလျှောက်၏—
“အသျှင်ဘုရား ပူဇော်အထူးကို ခံထိုက်သော အာသဝေါတရားကုန်ပြီးသော (မဂ်အကျင့်ကို) ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော ဝန်ကို ချပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးသော ဘဝသံယောဇဉ်ကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား”ငါ့အား သူတစ်ပါးတို့ထက် မြတ်၏ဟူသော (သေယျ) မာန်သည် မရှိဟူ၍လည်းကောင်း၊ ငါ့အားသူတစ်ပါးနှင့် တူ၏ဟူသော (သဒိသ) မာန်သည် မရှိဟူ၍လည်းကောင်း၊ ငါ့အား သူတစ်ပါးအောက်ယုတ်၏ဟူသော (ဟီန) မာန်သည် မရှိဟူ၍လည်းကောင်း” ဤသို့ မဖြစ်ပါ။
ဤစကားကို အသျှင်သုမနသည် လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။
ထိုအခါ အသျှင်သုမနသည် “မြတ်စွာဘုရားသည် ငါ၏ (စကားကို) နှစ်သက်လိုက်လျောတော်မူ၏”ဟု (သိ၍) နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ခေမမထေရ် အသျှင်သုမနမထေရ်တို့ ဖဲသွား၍ မကြာမြင့်မီပင်ရဟန်းတို့ကို မိန့်တော်မူ၏—
“ရဟန်းတို့ ဤသို့လျှင် အမျိုးကောင်းသားတို့သည် အရဟတ္တဖိုလ်ကိုလည်း ပြောကြားကုန်၏၊ (အရဟတ္တဖိုလ်ဟူသော) အကျိုးကိုလည်း ဆိုအပ်၏၊ မိမိကိုယ်ကိုမူကား (အရဟတ္တဖိုလ်သို့) မဆောင်အပ်လေ၊ ထိုသို့ ဖြစ်လျက် ဤလောက၌ အချို့ကုန်သော (မဂ် ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့သည် ပြက်ရယ်ပြုသကဲ့သို့ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏၊ ထိုသူတို့သည် နောင်အခါ၌ပင်ပန်းခြင်းသို့ ရောက်ကုန်၏”ဟု (မိန့်တော်မူ၏)။
ရဟန္တာပုဂ္ဂိုလ်တို့သည် မြတ်သော ပုဂ္ဂိုလ်၊ ယုတ်သော ပုဂ္ဂိုလ်၊ တူမျှသော ပုဂ္ဂိုလ်တို့၌ (မိမိကိုယ်ကို) မဆောင်ကုန် (မိမိကိုယ်ကို မနှိုင်းယှဉ်ကုန်)၊ (ထိုရဟန္တာ ပုဂ္ဂိုလ်တို့အား) ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် သံယောဇဉ်အနှောင်အဖွဲ့မှကျွတ်လွတ်ကြပြီး ဖြစ်၍ (နိဗ္ဗာန်သို့) ကြွတော်မူကြလေကုန်သတည်း။
သတ္တမသုတ်။