အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၈-ဣန္ဒြိယသံဝရသုတ်
၅ဝ။ ရဟန်းတို့ ဣန္ဒြေကိုစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ မရှိလတ်သော် ဣန္ဒြိယသံဝရသီလပျက်စီးသော ရဟန်းအား (ပါတိမောက္ခသံဝရ) သီလသည် ပျက်စီးရာသော အကြောင်းရှိ၏၊ (ပါတိမောက္ခသံဝရ) သီလမရှိလတ်သော် သီလပျက်စီးသော ပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် ပျက်စီးရာသော အကြောင်းရှိ၏၊ သမ္မာသမာဓိ မရှိလတ်သော် သမာဓိပျက်စီးသော ရဟန်းအားဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်သည် ပျက်စီးရာသော အကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်အမြင် မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်ပျက်စီးသော ပုဂ္ဂိုလ်အား ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’နှင့် စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) သည် ပျက်စီးရာသော အကြောင်းရှိ၏၊ ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’ နှင့် စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) မရှိလတ်သော် ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’နှင့် စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) ပျက်စီးသော ပုဂ္ဂိုလ်အား ကိလေသာမှ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် (အရဟတ္တဖိုလ်) ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်သည် ပျက်စီးရာသော အကြောင်းရှိ၏၊
ရဟန်းတို့ သစ်ပင်သည် အခက် အရွက် ပျက်စီးသည်ရှိသော် အပွေးသည်လည်း ပြည့်စုံခြင်းသို့မရောက်၊ အခွံသည်လည်း ပြည့်စုံခြင်းသို့ မရောက်၊ အကာသည်လည်း ပြည့်စုံခြင်းသို့ မရောက်၊ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဣန္ဒြေကိုစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’မရှိလတ်သော် ဣန္ဒြိယသံဝရသီလပျက်စီးသော ရဟန်းအား (ပါတိမောက္ခသံဝရ) သီလသည် ပျက်စီးရာသော အကြောင်းရှိ၏။ပ။ ကိလေသာမှ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် (အရဟတ္တဖိုလ်) ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည် ပျက်စီးရာသော အကြောင်းရှိ၏၊
ရဟန်းတို့ ဣန္ဒြိယသံဝရသီလရှိလတ်သော် ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံသော ရဟန်းအား (ပါတိမောက္ခသံဝရ) သီလသည် ပြည့်စုံရာသော အကြောင်းရှိ၏၊ (ပါတိမောက္ခသံဝရ) သီလရှိလတ်သော်သီလနှင့် ပြည့်စုံသော ရဟန်းအား သမ္မာသမာဓိသည် ပြည့်စုံရာသော အကြောင်းရှိ၏၊ သမာဓိရှိလတ်သော် သမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အားဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်သည် ပြည့်စုံရာသောအကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်နှင့် ပြည့်စုံသော ရဟန်းအား ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’ နှင့် စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) သည်ပြည့်စုံရာသော အကြောင်းရှိ၏၊ ငြီးငွေ့မှု ‘နိဗ္ဗိဒါဉာဏ်’ နှင့် စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) ရှိလတ်သော်ငြီးငွေ့မှုနိဗ္ဗိဒါဉာဏ်, စွဲမက်မှုကင်းခြင်း (မဂ်ဉာဏ်) နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ကိလေသာမှ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် (အရဟတ္တဖိုလ်) ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်သည်ပြည့်စုံ ရာသော အကြောင်းရှိ၏၊
ရဟန်းတို့ သစ်ပင်သည် အခက် အရွက် ပြည့်စုံသည်ရှိသော် အပွေးသည်လည်း ပြည့်စုံခြင်းသို့ရောက်၏၊ အခွံသည်လည်း ပြည့်စုံခြင်းသို့ ရောက်၏၊ အကာသည်လည်း ပြည့်စုံခြင်းသို့ ရောက်၏၊ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်၏သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဣန္ဒြိယသံဝရသီလရှိလတ်သော် ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံသော ရဟန်းအား (ပါတိမောက္ခသံဝရ) သီလသည် ပြည့်စုံရာသော အကြောင်းရှိ၏။ပ။ ကိလေသာမှ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် (အရဟတ္တဖိုလ်) ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်သည် ပြည့်စုံရာသော အကြောင်းရှိ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။