အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၉-အာနန္ဒာသုတ်

၅၁။ ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား—

ငါ့သျှင် သာရိပုတြာ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် မကြားဖူးသေးသော တရားတို့ကိုလည်း ကြားနာရသနည်း၊ ထိုရဟန်းအား ကြားနာအပ်ကုန်ပြီးသော တရားတို့သည်လည်း ပျောက်ပျက်ခြင်းသို့ မရောက်ကုန်သနည်း၊ ထိုရဟန်းအား ရှေးက စိတ်ဖြင့် ရောက်ဖူး တွေ့ထိဖူးသော တရားတို့သည်လည်း မနောဒွါရ၌ ကောင်းစွာ ဖြစ်ကုန်သနည်း၊ မသိဖူးသေးသော တရားကိုလည်း သိရသနည်းဟုလျှောက်၏။

အသျှင်အာနန္ဒာသည် အကြားအမြင် များပါ၏၊ အသျှင်အာနန္ဒာသည်သာလျှင် ဖြေကြားပါလော့ဟု (ဆို၏)။

ငါ့သျှင်သာရိပုတြာ သို့ဖြစ်လျှင် နားထောင်တော်မူပါ၊ ကောင်းစွာ နှလုံးသွင်းတော်မူပါ၊ ဟောကြားပါမည်ဟု (ဆို၏)။

“ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် အသျှင်အာနန္ဒာအား ပြန်လျှောက်၏၊ အသျှင့်အာနန္ဒာ သည် ဤစကားကို ဟောကြားတော်မူ၏—

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ယူ၏၊ ထိုရဟန်းသည် ကြားနာတိုင်း သင်ယူတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏၊ ကြားနာတိုင်းသင်ယူတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ပို့ချ၏၊ ကြားနာတိုင်းသင်ယူတိုင်းသောတရားကို အကျယ် အားဖြင့် သရဇ္ဈာယ်ခြင်းကို ပြု၏၊ ကြားနာတိုင်း သင်ယူတိုင်းသောတရားကို စိတ်ဖြင့် အဖန်ဖန်ကြံ၏၊ သုံးသပ်၏၊ စိတ်ဖြင့် ရှုဆင်ခြင်၏၊ ဓမ္မကို ဆောင်ကုန်ဝိနည်းတော်ကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော အကြားအမြင်များသည့် မထေရ်ရဟန်းတို့နေထိုင်ရာ ကျောင်းတိုက်၌ ဝါကပ်ဆို၏၊ ထို မထေရ်ကြီးတို့သို့ ရံဖန် ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရားဤတရားကား အသို့ဖြစ်ပါသနည်း၊ ဤပါဠိ၏ အနက်ကား အသို့ဖြစ်ပါသနည်း”ဟု မေးမြန်း၏၊ ပညာဖြင့် နှိုင်းချိန်၏၊ ထိုမထေရ်ကြီးတို့သည် ထို အသျှင်အား မဖွင့်ပြရသေးသည်ကိုလည်းဖွင့်ပြကြကုန်၏၊ ထင်စွာ မပြုရသေးသည်ကိုလည်း ထင်စွာ ပြုပေးကုန်၏၊ များပြားကုန်သော ယုံမှားဖြစ်ဖွယ်ရာတို့၌လည်း ယုံမှားမှုကို ပယ်ဖျောက်ပေးကြကုန်၏။

ငါ့သျှင်သာရိပုတြာ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် မကြားဖူးသေးသော တရားတို့ကိုလည်းကြားနာရ၏၊ ထိုရဟန်းအား ကြားနာဖူးကုန်ပြီးသော တရားတို့သည်လည်း ပျောက်ပျက်ခြင်းသို့မရောက်ကုန်၊ ထိုရဟန်းအား ရှေးက စိတ်ဖြင့် ရောက်ဖူး တွေ့ထိဖူးကုန်သော တရားတို့သည်လည်းမနောဒွါရ၌ ကောင်းစွာ ဖြစ်ကုန်၏၊ မသိဖူးသေးသော တရားကိုလည်း သိရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင်အာနန္ဒာ အံ့ဖွယ်ရှိပါပေ၏၊ ငါ့သျှင်အာနန္ဒာ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်အာနန္ဒာသည် ဤအကြောင်းကို အလွန်လျှင် ကောင်းစွာ ဟောကြားအပ်ပါပေ၏၊ အသျှင်အာနန္ဒာကို ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူဟူ၍ ငါတို့ မှတ်ယူပါကုန်၏။

အသျှင်အာနန္ဒာသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ယူ၏၊

အသျှင်အာနန္ဒာသည် ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါး တို့အားဟောကြား၏။

အသျှင်အာနန္ဒာသည် ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါး တို့အားပို့ချ၏။

အသျှင်အာနန္ဒာသည် ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈာယ်၏။

အသျှင်အာနန္ဒာသည် ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန်ကြံစည်၏၊ သုံးသပ်၏၊ စိတ်ဖြင့် ရှုဆင်ခြင်၏။

အသျှင်အာနန္ဒာသည် ဓမ္မကို ဆောင်ကုန် ဝိနည်းတော်ကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန် သောအကြားအမြင်များသည့် မထေရ်ကြီးရဟန်းတို့ နေထိုင်ရာ ကျောင်းတိုက်၌ ဝါကပ်ဆို၏၊ ထိုမထေရ်ကြီးတို့သို့ အသျှင်အာနန္ဒာသည် ရံဖန်ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤတရားသည် အသို့ဖြစ်ပါသနည်း၊ ဤပါဠိ၏ အနက်သည်ကား အသို့ဖြစ်ပါသနည်း”ဟု မေးမြန်း၏၊ ပညာဖြင့် နှိုင်းချိန်၏၊ ထိုမထေရ်ကြီးတို့သည် အသျှင်အာနန္ဒာအား မဖွင့်ပြရသည်ကိုလည်း ဖွင့်ပြကုန်၏၊ ထင်စွာ မပြုရသည်ကိုလည်း ထင်စွာ ပြုပေးကုန်၏၊ များပြားကုန်သော ယုံမှားဖြစ်ဖွယ်ရာတို့၌လည်း ယုံမှားမှုကို ပယ်ဖျောက်ပေးကုန်၏ဟု (ငါတို့ မှတ်ယူကုန်၏ဟု မိန့်ဆို၏)။

နဝမသုတ်။